အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည်

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။

” မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီပြည်ထောင်စုအဖြစ်တည်ဆောက်နိုင်ဖို့အတွက် ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်လူ့စွမ်း အားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရနှင့်အတူ မိဘများ၊ ဆရာများအပါအဝင် တာဝန်ရှိသူများနှင့် နိုင်ငံသားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် ယခုနှစ်ရွေးချယ်ခဲ့သည့် လူရည်ချွန်(၇၅၁)ဦးတွင် (၅)ထပ်ကွမ်း(၂)ဦး၊ (၄)ထပ်ကွမ်း(၃၁)ဦး၊ (၃)ထပ် ကွမ်း(၆၈)ဦး၊ (၂)ထပ်ကွမ်း(၁၉၆)ဦးနှင့် ပထမအကြိမ် ရွေးချယ်ခံရသူ(၄၅၄)ဦးပါဝင်၍ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များကို အစဉ်လေ့ကျင့်မွေးထုတ်ပေးပြီး နိုင်ငံအတွက်လိုအပ်သည့် “အသိပညာအဆောက် အအုံ”တောင့်တင်းခိုင်မာအောင် အုတ်မြစ်ချပေးနေသည့် ပညာရေးဝန်ကြီးဌာနကိုအသိအမှတ်ပြုသည်ဟု ပြောသည်။

ထို့ကြောင့် လူရည်ချွန်အဖြစ်ရွေးချယ်ခံရသူများအနေဖြင့် “လူရည်ချွန်”ဟူသည့် ဂုဏ်သိက္ခာနှင့် လျော်ကန်သင့်မြတ်သည့် တာဝန်ဝတ္တရားကိုကျေပွန်အောင်ထမ်းဆောင်ရန်၊ အမျိုးသားအကျိုးစီးပွားတိုးတက်မြင့်မားရေးအတွက် ကျရာအခန်းကဏ္ဍမှတစ်တပ်တစ်အား ပူးပေါင်းပါဝင်ရန်၊ နိုင်ငံတကာအသိုက်အဝန်းတွင် ခေတ် မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်ခန့်ညားထည်ဝါစွာရပ်တည်နိုင်ရေး အစဉ်တစိုက်ကြိုးပမ်းရန်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်များနှင့် စည်းလုံးညီညွတ်ပြီး အနာဂတ်နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းပြီး ဖွံ့ ဖြိုးတိုးတက်အောင်ကြိုးစားဆောင်ရွက်ရန်လည်း နိုင်ငံ တော်သမ္မတက တိုက်တွန်းမှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *