PDF အဖွဲ့ဝင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင် ခြောက်ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံပြန်လည် လွှဲပြောင်းအပ်နှံပွဲကို မေ ၅ ရက်နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းရန်အောင် ခန်းမ၌ပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော် ဟန်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4A1 သေနတ် တစ်လက်၊ MA5 ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံသုံးခု၊ ကျည်မျိုးစုံ ၅၇ တောင့်၊ MG-1 လက်ပစ်ဗုံး နှစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် တစ်လက်အတွက် ငွေကျပ်သိန်း ၅၀၊ ပစ္စတိုသေနတ် တစ်လက်အတွက် ငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံးနှစ်လုံးအတွက် ငွေကျပ် သုံးသိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် တစ်ဦးလျှင် ၁၅ သိန်းနှုန်းဖြင့် ငွေကျပ်သိန်း ၆၀ တို့ကို ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြကြောင်စ သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်း သူများထံသို့ ပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
