မြန်မာအများစုအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတွင် ပြည်ပအလုပ်သမားများကို တင်းတင်းကြပ်ကြပ်စစ်ဆေးရန် ထိုင်းအလုပ်သမားဝန်ကြီး Julapun Amornvivat က ညွှန်ကြားလိုက်သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မေ ၁ ရက်တွင် စစ်ဘက်အရာရှိများ၊ အုပ်ချုပ်ရေးအရာရှိများ၊ Koh Phangan ရဲတပ်ဖွဲ့နှင့် Koh Phangan လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့သည် Surat Thani ပြည်နယ်၊ Koh Phangan ခရိုင်ရှိ ကလေးထိန်းဌာနတစ်ခုကို ပူးပေါင်းစစ်ဆေးခဲ့သည့် ဖြစ်စဉ်ကို ထိုင်းအလုပ်သမားဝန်ကြီး Julapun Amornvivat က ထည့်သွင်းပြောကြားခဲ့ပြီး ယင်းအစီအမံများကို ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်တွင် နိုင်ငံခြားသားများ၏ အလုပ်လုပ်ကိုင်မှုဆိုင်ရာ ဥပဒေများအရ ဖောက်ဖျက်ကျူးလွန်နေသည့် ထိုင်းနှင့် နိုင်ငံခြားသား စုစုပေါင်း ကိုးဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ချက်ချင်းညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဆူရတ်ဌာနီပြည်နယ် အလုပ်အကိုင်ရုံးမှ အရာရှိများကို ထိုဒေသသို့ အမြန်ဆုံးစေလွှတ်ကာ အချက်အလက်များကို စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ၄င်းတို့၏ ခွင့်ပြုချက်ဘောင်အတွင်းမှ အလုပ်လုပ်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေသည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
တချိန်တည်းမှာပင် ဗဟိုနှင့် ဒေသဆိုင်ရာအေဂျင်စီများအား ကဏ္ဍအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံးတွင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်နှင့် နိုင်ငံခြားသားလုပ်သားများနှင့် အဖွဲ့အစည်းများ အလုပ်ခန့်ထားခြင်းကို တင်းကြပ်စွာ ကြီးကြပ်ရန် အမိန့်ပေးရန် DOE ၏ ညွှန်ကြားရေးမှူးချုပ်အား ထိုင်းအလုပ်သမားဝန်ကြီးက တာဝန်ပေးအပ်ခဲ့သည်။
ထို့ပြင် တရားမဝင်လုပ်သားများကို စစ်ဆေးခြင်းအပြင် အလုပ်ရှင်များ၊ အလုပ်ဌာနများနှင့် နိုင်ငံခြားသားလုပ်သားများ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို အလေးအနက်ထား စစ်ဆေးခြင်း၊ ထိန်းချုပ်ခြင်းနှင့် တရားစွဲဆိုခြင်းတို့ကိုလည်း ဆောင်ရွက်မည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan က ဌာနအနေဖြင့် အလုပ်သမားဝန်ကြီး၏ ညွှန်ကြားချက်များကို လက်ခံရရှိပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်အလုပ်အကိုင်ရုံးများနှင့် ဘန်ကောက်ရှိ နယ်မြေ ၁၀ ခုအတွင်း ခွင့်ပြုထားသည့်အလုပ်နှင့် မကိုက်ညီသော နိုင်ငံခြားသားများ၊ အလုပ်လုပ်ခွင့်မရှိသူများအပါအဝင် စစ်ဆေးရန် အမိန့်ပေးခဲ့ပြီး ကျူးလွန်သူများ တွေ့ရှိပါက ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေးအရေးယူရန် ပြောကြားခဲ့သည်။
လုံခြုံရေးစောင့်ကြည့်ရန် လိုအပ်သည့် နိုင်ငံခြားသားလုပ်သားများအား အလုပ်လုပ်ခွင့်ပါမစ်ထုတ်ပေးရာတွင်လည်း စစ်ဆေးမှုကို တိုးမြှင့်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိသော နိုင်ငံခြားသားလုပ်သားများ သို့မဟုတ် ၎င်းတို့၏ ခွင့်ပြုထားသောအခွင့်အရေးထက် ကျော်လွန်၍ အလုပ်လုပ်နေသူများကို ပိုမိုပြင်းထန်စွာ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် ဥပဒေအရ အရေးယူခြင်းအတွက် သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် အရာရှိများကို တာဝန်ပေးအပ်ထားသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အလုပ်လုပ်ကိုင်ခွင့်မရှိသည့် ပြည်ပနိုင်ငံသားများမှာ ဖမ်းဆီးအရေးယူခံရပါက ထိုင်းဘတ် ဒဏ်ငွေ ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ မူရင်းနိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကာ ၎င်းတို့အား ပြစ်ဒဏ်ချမှတ်သည့်နေ့မှစ၍ နှစ်နှစ်အတွင်း အလုပ်လုပ်ခွင့်လျှောက်ထားခွင့်လည်း တားမြစ်ထားသည်ဟု အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
