အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများပြုလုပ်သည့် ရွှေကုက္ကိုလ်နယ်မြေအား လုံခြုံရေးအဖွဲ့ဝင်များမှဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့များပူးပေါင်းကာ နိုဝင်ဘာ ၁၈ ရက်မှစတင်၍ ရှင်းလင်းဖော်ထုတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းဖော်ထုတ်မှုများပြုလုပ်ရာ ယမန်နေ့ နို ဝင်ဘာ ၂၃ ရက်တွင် အွန်လိုင်း လိမ်လည်မှုနှင့် လောင်း ကစားမှုများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်ပုန်း အောင်းနေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား(၆၅)ဦး၊ ဗီယက်နမ်နိုင်ငံသား(၈)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ ကင်ညာနိုင်ငံသား(၁၃)ဦး၊ အီသီရိုးပီးယားနိုင်ငံသား(၄) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၆)ဦး၊ ယူဂန်ဒါနိုင်ငံသား(၆) ဦး၊ နီပေါနိုင်ငံသား(၁)ဦး၊ အိန္ဒိယနိုင်ငံသား(၂၀)ဦး၊ ဇင်ဘာဘွေနိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၇)ဦး၊ ရ ဝမ်ဒါနိုင်ငံသား(၂)ဦး၊ နိုင်ဂျီးဒီးယားနိုင်ငံသား(၃)ဦး၊ ထိုင်းနိုင်ငံသား(၅)ဦး၊ ကာဇက်စတန်နိုင်ငံသား(၁)ဦး၊ ဥဇဘတ်ကစ္စတန်နိုင်ငံသား(၁)ဦး၊ ဘီနင်နိုင်ငံသား(၁)ဦး၊ ဘူယွန်ဒီနိုင်ငံသား(၈)ဦး၊ တိုဂိုနိုင်ငံသား(၁)ဦး၊ စင်ကာပူနိုင်ငံသား(၁)ဦး(စုစုပေါင်း ၁၅၆ ဦး)ကို ထပ်မံဖော် ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၂၃ ရက်ကလည်း လုံခြုံရေးအဖွဲ့ဝင်များဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဝင်များသည် ရွှေကုက္ကိုလ်နယ်မြေရှိ အဆောက်အအုံ(၃၃)လုံးအတွင်းကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နိုဝင်ဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ (၆)ရက်တာအတွင်း ရွှေကုက္ကိုလ်နယ်မြေမှ ပြည်ပနိုင်ငံ သား(၁,၇၄၆)ဦးနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် ကွန်ပျူတာ(၂,၈၉၃) လုံး၊ မိုဘိုင်းဖုန်း(၂၁,၇၅၀)လုံး၊ star Link ဘန်း(၁၀၁) လုံး၊ Router (၂၁)လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအ ပြားကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ၊ လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်း သိမ်းထားပြီး တရားမဝင်ပြည်ပနိုင်ငံသားစစ်ဆေးရေးအဖွဲ့မှစစ်ဆေးရာ နိုဝင်ဘာ ၂၃ ရက်တွင် ပြည်ပနိုင်ငံ သား(၂၈၈)ဦးကိုစစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအ တွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
