“ကဿပဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးသည် အနှစ်နှစ်သောင်း ရဟန်းတရားအားထုတ်ခဲ့သော်လည်း သေခါနီး၌ မြက်ပင်ကို မတော်တဆ နှုတ်မိသော ဝိနည်းဖြစ်ကိုအမှတ်ရ၍ ဘုရားနှစ်ဆူကြား ကာလပတ်လုံး နဂါးဖြစ်ရခြင်း၊ မလ္လိကာမိဖုရား သေခါနီး၌ ကောသလမင်းကြီးအား မုသား ပြောခဲ့မိသည်ကို အမှတ်ရ၍ ခုနစ်ရက် ငရဲကျခဲ့ရခြင်း၊ တိဿရဟန်း သေခါနီး၌ မိမိသင်္ကန်းကိုစွဲ၍ ခုနစ်ရက် သန်းဖြစ်ရခြင်းတိုတွင် သေးငယ်သော အပြစ်ချင်းတူပါလျက် အဘယ့်ကြောင့် မြက်ပင်နုတ်မိသော ရဟန်းက အချိန်ကြာမြင့်စွာ တိရစ္ဆာန် ဖြစ်ရပါသနည်း။”
ဒါက ဘဝကိုဖြစ်စေတဲ့ အကြောင်းလေးတစ်ခုသာ ရည်ညွှန်းပြောတာ။ ဒီပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေက မတူဘူး။ ပတ်ဝန်းကျင် အခြေအနေတွေ ချင်းက မတူကြဘူး။ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တစ်ယောက်ဟာ တူတယ်လို ပြောလိုမရဘူးလေ။ အခု ဒီသင်တန်း တက်နေကြတဲ့ ပုဂ္ဂိုလ်တွေတောင်မှ တစ်ယောက်နဲ့တစ်ယောက် အရည်အသွေးချင်း၊ သဘောချင်းက တူလိုမရဘူး။ ကွဲပြားခြားနားမှုတွေ အမြဲတမ်း ရှိနေတယ်။ အဲဒီ မတူတဲ့သဘောတွေကို တူတယ်လို သွားပြီး ယူဆလိုရှိရင် မှားသွားမယ်။ မတူတဲ့ အခြားအခြေအနေ တွေကို ထည့်သွင်းပြီးတော့ စဉ်းစားရမယ်။
ခုနတုန်းက အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်ပြီးတဲ့အခါမှာ နဂါးဘုံ ရောက်သွားတယ်ဆိုတာက နဂါးဘဝက အသက်ရှည်တဲ့ ဘဝမျိုးကို ရောက်သွားသည့် အတွက်ကြောင့်ပဲ။ ပြီးတော့ နဂါးဘဝကလည်း တစ်ပိုင်းက နတ်နဂါးဆိုတော့ စည်းစိမ်ချမ်းသာက တစ်ဖက်ကရှိနေတဲ့ အနေအထား တစ်ခုပေါ့။ အဲဒီလိုအနေအထားရှိတဲ့ ဘုံဘဝ ရောက်သွားတော့ သူ့ရဲ့ သက်တမ်း (life span) အတိုင်း သွားတော့တာ။ သူက ကံတင်မကဘူး။ စိတ်၊ ဥတု၊ အာဟာရတွေရော ဖန်တီးလာတာ။ သန်းဖြစ်တဲ့ကိုယ်တော်ကျတော့ သူ့ရဲ့ အခြေအနေက သန်းဆိုတာ သက်တမ်းရှည်တဲ့ဘဝ မဟုတ်ဘူး၊ တိုတဲ့ဘဝ။ သူ့ရဲ့ ဗီဇ၊ ရောက်လာတဲ့ဘဝရဲ့အခြေအနေတွေကိုလည်း ထည့်ပြီး စဉ်းစားရမယ်။
ပြီးတော့ မလ္လိကာမိဖုရားကြီး ငရဲကျတယ်။ ငရဲမှာ သက်တမ်းမရှိဘူး။ ကံသည် သူတိုရဲ့ သက်တမ်းပဲ။ သူ့ကံရဲ့ အရှိန်ကုန်တာနဲ့ ချက်ချင်းလွတ်တယ်။ ကံအရှိန် မကုန်သေးဘူးဆိုလျှင် ဆက်သွားနေမှာပဲ။ ဘယ်တော့မှ မသေဘူးတဲ့။ “န စ တာဝ ကာလံ ကရောတိ၊ ယာဝ န တံ ပါပကမ္မံ ဗျန္တီဟောတိ’၊ ကံ မကုန်သေးသမျှ ငရဲဘုံကဘယ်တော့မှမလွတ်ဘူး။ ဘယ်လောက်ညှဉ်းဆဲ ညှဉ်းဆဲ၊ ဘယ်လောက် ဒုက္ခတွေရောက်ရောက် ကံ မကုန်သေးလျှင် မသေဘူး လိုဆိုတယ်။ အဲဒီတော့ ကံသည် ငရဲရဲ့ life span ပဲ။ သက်တမ်းပဲ။
အဲဒီတော့ အကြောင်းတစ်ခုတည်းကို မကြည့်ဘဲနဲ့ အခြားအခြေအနေ ကောင်းတွေ၊ အခြေအနေမကောင်းတာတွေ အများကြီးရှိတယ်ဆိုတာကို ထည့်သွင်းပြီး စဉ်းစားရမယ်။ သူလည်း ကောင်းတာလုပ်တာပဲ။ ငါလည်း ကောင်းတာလုပ်တာပဲ။ သူလည်း မကောင်းတာ လုပ်တာပဲ၊ ငါလည်း မကောင်းတာလုပ်တာပဲ၊ အကျိုးပေးချင်းကျတော့ တူတယ်၊ မတူဘူးလို့ သွားပြောလို မရဘူး။ ရာဇဝတ်မှုတစ်ခုကျူးလွန်တာတောင်မှ လွတ်တဲ့သူက လွတ်သွားတာပဲ၊ ခံရတဲ့သူက ခံရတယ်လေ။ ဘာဖြစ်လို့တုန်းဆိုတော့ အခြေအနေချင်းမတူလို့ ။ ဒါ အခြေအနေခေါ်တယ်။
လောဏကပလ္လသုတ်မှာ ဘာဟောထားသလဲ ဆိုတော့ မြတ်စွာဘုရားက ဆားခဲလေးတစ်ခုကို ဖန်ခွက်တစ်ခုထဲမှာရှိတဲ့ ရေထဲကို ထည့်လိုက်ရင် အဲဒီရေသည် သောက်မရအောင် ငန်သွားနိုင်တယ်။ သိုသော် အဲဒီဆားခဲကိုပဲ ရေကန်ကြီးထဲ၊ မြစ်ထဲမှာ ထည့်လိုက် မယ်ဆိုလျှင် ဘာအရသာမှ မပေါ်ဘူး။ ဘာမှမဖြစ်ဘူး။ အဲဒါလိုပဲ လူမှာ တချိုပုဂ္ဂိုလ်တွေမှာ ကောင်းတာတွေ လုပ်ထားတာက အများကြီး၊ မကောင်းတဲ့ အကုသိုလ် မတော်တဆ လုပ်မိဦး။ သူ့ကျတော့ ပျောက်သွားတယ်။ မဝင်လာတော့ဘူး။ တချိုကျတော့ ကောင်းတာက မရှိဘူး။ မကောင်းတာတွေက များနေတယ်ဆိုလျှင် ခုနကဆားခဲကို ဖန်ခွက်ထဲကရေထဲ ထည့်လိုက်သလိုပဲ။ သူကျတော့ ပိုခံရတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူ့မှာ အခြေအနေကောင်းတွေ မရှိဘူး။
အဲဒီသဘောတွေကို ထည့်စဉ်းစားကြည့်လိုက်မယ်ဆိုလျှင် ကံက အကျိုးပေးတယ်ဆိုတဲ့ နေရာမှာလည်း အခြေအနေတွေပေါ်မှာ မူတည်တယ်။ တစ်ဦးနဲ့တစ်ဦးဟာ အခြေအနေချင်း မတူဘူး။ မတူလျှင် အကျိုးပေးတာချင်းလည်း မတူနိုင်ဘူး။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏