ရုရှားရေတပ် Pacific Fleet မှ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့်ချစ်ကြည်ရေးခရီးလည်ပတ်ရန် နိုဝင်ဘာ ၂၅ ရက်နေ့ညနေပိုင်းတွင်ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာတပ်မတော်(ရေ) မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Evgenii Nikolaevich Niasoedov နှင့် အရာရှိ၊ စစ်သည်များ သည် ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့်ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
