ခိုင်မာသောမိတ်ဖက်နိုင်ငံများဖြစ်တဲ့တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာနိုဝင်ဘာလ ၂၅ ရက်မှာ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာပါဝင်တဲ့ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ဆောင်ရွက်တယ်လို့သိရပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဆောင်ရွက်ခဲ့ဖူးသမျှသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေထဲမှာ အကြီးဆုံးဖြစ်တယ်လို့ ကမ္ဘောဒီးယားဘက်ကပြောပါတယ်။ ဒါ့အပြင် စစ်သည်အင်အား ၃၀၀၀ နီးပါး ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ယခုဆောင်ရွက်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ရွှေနဂါးလို့အမည်ပေးထားပြီးဒီအကြိမ်က ရှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပင်လယ်ဓားပြမှုများကို တားဆီးနှိမ်နင်းရေးတို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဒီဇင်ဘာလလယ်အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်မှုဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ ရီအမ်ရေတပ်စခန်းဌာနချုပ်မှာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလုပ်ဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းက မည်သည့်တတိယနိုင်ငံကိုမျှ ခြိမ်းခြောက်ရန် သို့မဟုတ် ထိခိုက်စေလိုသည့် ရည်ရွယ်ချက်မရှိကြောင်းကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးက ဖွင့်ပွဲအခမ်းအနားမှာပြောပါတယ်။ အခုပူးတွဲစစ်ရေးလေ့ကျင့်ခန်းမှာ ကြည်း၊ ရေ၊လေ စစ်ဆင်ရေးများဆောင်ရွက်သွားမှာဖြစ်ပြီး စစ်သင်္ဘောများ၊ ဒရုန်းများ၊ ရဟတ်ယာဉ်များ၊ သံချပ်ကာယာဉ်များ၊ အမြောက်များနဲ့ ကွပ်ကဲမှုစနစ်များပါဝင်သွားမှာဖြစ်ပါတယ်။
အခုစစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်တဲ့ရီအမ်ရေတပ်စခန်းဟာ တောင်တရုတ်ပင်လယ်အနီးမှာတည်ရှိတာကြောင့် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက်နေရာဖြစ်တယ်လို့ အမေရိကန်အစိုးရကပြောထားပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားအစိုးရကတော့ အဲဒီရေတပ်စခန်းကို ဘယ်သူ့ကိုမှအသုံးပြုခွင့်ပေးထားခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ Ref: ST
