သီရိလင်္ကာနိုင်ငံဟာ ခရီးသည်တွေကို သယ်ယူပို့ဆောင်နိုင်မယ့် လျှပ်စစ်စွမ်းအင်သုံး ဒရုန်းယာဉ်ကို နိုဝင်ဘာလ ၁၁ ရက်မှာ ပထမဆုံးအကြိမ် တရားဝင်စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုကို ကိုလံဘိုမြို့ရှိ ပေါ့စီးတီးမှာပြုလုပ်ခဲ့ပြီး ခရီးသည်ပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ့် အလားအလာကို လေ့လာခဲ့တာဖြစ်ပါတယ်။
အဆိုပါယာဉ်ဟာ လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်တဲ့eVTOL အမျိုးအစားဖြစ်ပါတယ်။ ဒရုန်းယာဉ်ကို ဗဟိုထိန်းချုပ်ရေးစခန်းကနေ အဝေးထိန်းစနစ်နဲ့ မောင်းနှင်သွားမှာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်လာရင်လည်း အလိုအလျောက်ဘေးကင်းရေးအစီအမံတွေ လုပ်ဆောင်နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။
သီရိလင်္ကာအစိုးရဌာနတွေကြား ဆွေးနွေးမှုတွေအရ အခုနည်းပညာကို ခရီးသွားလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေး၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတို့မှာ အသုံးပြုနိုင်ဖို့ လေ့လာနေတယ်လို့သိရပါတယ်။ အထူးသဖြင့် စီဂီရိယာနဲ့ ပီဒူရန်ဂါလာလို ခရီးသွားနေရာတွေ၊ အနီးအနားကျွန်းတွေကို လေကြောင်းကနေ ပို့ဆောင်နိုင်ရေးအထိ စဉ်းစားထားပါတယ်။ ဒီစီမံကိန်းအောင်မြင်လာမယ်ဆိုရင်တော့ သီရိလင်္ကာရဲ့ ခရီးသွားနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လျှပ်စစ်လေယာဉ်အသုံးပြုမှုအတွက် လမ်းစတစ်ခုအဖြစ်ထွက်ပေါ်လာနိုင်ကြောင်းသိရပါတယ်။Ref: Xinhua
