အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများသို့ လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်ကား

နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့ ကြီးမှူးကျင်းပသည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ ပိုစတာပြိုင်ပွဲနှင့် အာကာသ နည်းပညာဆိုင်ရာ ပြခန်းများကို အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ ကျင်းပပြသလျက်ရှိရာ အခြေခံပညာမူလတန်းအဆင့်၌ အာကာသအိပ်မက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်၌ လူသားနှင့် အနာဂတ် အာကာသခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၁၂ ရက်နေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းအဆင့် အာကာသဆိုင်ရာပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို အနာဂတ်အာကာသနည်းပညာခေါင်းစဉ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။

အနာဂတ်မျိုးဆက်သစ်လူငယ်မောင်မယ်များ အာကာသသိပ္ပံနှင့်နည်းပညာများကို  စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့်  သိပ္ပံဆိုင်ရာစိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါပြိုင်ပွဲများကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အာကာသနည်းပညာဆိုင်ရာပြခန်းများတွင် အာကာသနှင့် AI နည်းပညာသုံးစိုက်ပျိုးရေးစနစ်ပြခန်း၊ အာကာသနှင့် AI နည်းပညာအသုံးချပြခန်းရှိ ရာသီဥတုနှင့်  သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေး  စနစ် ဂြိုဟ်တုနည်းပညာအသုံးချ App-lication များ၊ AI နှင့် အမေးအဖြေကဏ္ဍ၊ AI အသုံးပြုစိတ်ဝင်စားဖွယ်ဂိမ်းများ၊ စက်ရုပ်နည်းပညာပြခန်း၊ သိပ္ပံ၊ နည်းပညာအင်ဂျင်နီယာနှင့် သင်္ချာပညာရပ်ပြခန်း၊ နက္ခတ်တာရာနှင့် အာကာသသိပ္ပံပြခန်း၊ အာကာသစူးစမ်းလေ့လာရေးပြခန်း၊  နက်ရှိုင်းသောအာကာသစူးစမ်းလေ့လာရေး  သုတေသနပြခန်းများကို ခင်းကျင်းပြသထားသည်။ 

ယနေ့တွင် အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း တက်ရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူ  ၆၈၃၃ ဦးလာရောက်လေ့လာခဲ့ကြကြောင်းနှင့် အဆိုပါ ပြခန်းများကို နိုဝင်ဘာလ ၁၃ ရက်အထိ နေ့စဉ် နံနက် ၈ နာရီခွဲမှ ည ၆ နာရီအထိ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။  အောင်ကို(ပုဗ္ဗသီရိ)

Leave a Reply

Your email address will not be published. Required fields are marked *