ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူသန်းထိုက်အောင်နှင့် မခင်သီတာအောင်(ခ)မီးမီးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရွာငံမြို့နယ် မြို့ကြီးရွာအနီးတွင် ပုသိမ်ကြီးမြို့နယ် ကန်ကောက်ရွာနေ သန်းထိုက်အောင် ၃၈ နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်နေ မခင်သီတာအောင်(ခ)မီးမီး ၅၄ နှစ် လိုက်ပါလာသော SUZUKI CARRY အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ၎င်းတို့ ၂ ဦး သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆၀၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀၀၀)အား ဖမ်းဆီးရမိသဖြင့် သန်းထိုက်အောင်နှင့်မခင်သီတာအောင်(ခ)မီးမီးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။
အလားတူနိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရမိုးကောင်းမြို့နယ် ဖိုးချစ်ကုန်းရပ်ကွက်အနီးတွင် ဟိုပင်မြို့မြဇေယျာရပ်ကွက်နေသူများဖြစ်သည့် စိန်ဝင်း ၄၅ နှစ် မောင်းနှင်ပြီး မကေကေဝင်း(ခ) မကေ ၄၁ နှစ် လိုက်ပါလာသော KENBO-125 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွဆေးပြား ၁၁၇၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၇၅ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် စိန်ဝင်းနှင့်မကေကေဝင်း(ခ)မကေတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။
