ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်၍ ရေခိုးသွယ်ယူခြင်းနှင့် တရားမဝင် ရေဆက်သွယ်အသုံးပြုခြင်းများ ပြုလုပ်ပါက ငွေဒဏ်ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အသိပေးကြေညာသည်။
ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ခြင်း၊ နေအိမ်အတွင်း ဆက်သွယ်ယူခြင်း၊ ဆင့်ပွားပိုက် တပ်ဆင်ခြင်းနှင့် မော်တာ သိုမဟုတ် တုံကင်သုံး၍ ရေရယူခြင်းများကို တားမြစ်ထားသည်။
မူလတပ်ဆင်ထားသည့် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်းနှင့် တိုးချဲ့ခြင်းများ မပြုလုပ်ရန်လည်း ပါဝင်သည်။
အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆ (ဂ) အရ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ငွေဒဏ်ကျခံရမည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရေပေးဝေရေးစနစ်မှတစ်ဆင့် ရေရယူသုံးစွဲလိုပါက YCDC ၏ www.ycdc.gov.mm ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အိမ်ရေဆက်သွယ်ခွင့် လျှောက်လွှာဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ်ရေဖြန့်ဖြူးရေးရုံးများတွင်ဖြစ်စေ တရားဝင်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
