ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှာကို ဥရောပကထိတ်လန့်နေလား

ကမ္ဘာကြီးအဆုံးသတ်သွားမယ့်အချိန်ကဘယ်တော့များပါလိမ့်။မာယာလူမျိုးတွေရဲ့ပြက္ခဒိန်မှာက၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ လို့ဆိုပါတယ်။ မကြာသေးခင်က တောင်အာဖရိကမှ တရားဟောဆရာတစ်ဦးက ၂၀၂၆ ခုနှစ် အောက်တိုဘာလ၁၃ ရက်လို့ပြောပြန်ပါတယ်။ အခုတော့ ဥရောပမှာရှိတဲ့ လူတချို့ရဲ့ပြောစကားကိုယုံကြည်မယ်ဆိုရင်မိမိတို့သိရှိထားတဲ့ လူ့ယဉ်ကျေးမှုက နောက်ထပ်ကံကြမ္မာတစ်ခုနဲ့ရင်ဆိုင်ရမယ့်အချိန်က နိုဝင်ဘာလ၁၈ ရက်နဲ့ ၁၉ ရက် ဖြစ်တယ်လို့ပြောရပါလိမ့်မယ်။

ဘာကြောင့် အခုလိုတွေပြောရတာလဲဆိုတော့ နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) ရဲ့ထိပ်သီးအစည်းအဝေးရှိနေလို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံရှန်ဇန်းမြို့မှာကျင်းပသွားမှာပါ။ ဒီအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတဗလာဒီမာပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က သုံးပွင့်ဆိုင်တွေ့ဆုံနိုင်ခြေလည်းရှိနေပါတယ်။

သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်မှာလား၊ မလုပ်ဘူးလားဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ တွေ့ဆုံနိုင်ခြေရှိတယ်ဆိုတဲ့သတင်းနဲ့တင် ဥရောပမှာရှိတဲ့နိုင်ငံတွေအနေနဲ့ ရင်းနှီးပြီးသားအိပ်မက်ဆိုးကြီးတစ်ခုကို ရင်ဆိုင်ရတော့မလိုဖြစ်နေပါတယ်။အဲဒါကတော့ အဲဒီအင်အားကြီးသုံးနိုင်ငံက စားပွဲဝိုင်းမှာထိုင်လိုက်တာနဲ့တစ်ပြိုင်နက် ကမ္ဘာ့နယ်ပယ်များကို သူတို့အချင်းချင်းခွဲဝေသတ်မှတ်လိုက်ကြမယ်ဆိုတဲ့ အိပ်မက်ပါပဲ။

လက်ရှိအခြေအနေကို ၁၉၄၅ခုနှစ် ယော်တာညီလာခံနဲ့နှိုင်းယှဉ်နေကြတာကိုလည်း တွေ့ရပါတယ်။အဲဒီလိုနှိုင်းယှဉ်မယ်ဆိုရင် ရုရှားကယူကရိန်းကိုသိမ်းပိုက်မယ်၊တရုတ်က ထိုင်ဝမ်ကျွန်းကိုအုပ်ချုပ်မယ်၊အမေရိကန်က သူအလိုရှိရာကိုရအောင်ယူလိမ့်မယ်ဆိုပြီးယူဆနေကြတာဖြစ်ပါတယ်။ ဒီအခြေအနေဖြစ်လာမှာကို ဥရောပနိုင်ငံများကစိုးရွံ့ကြောက်လန့်နေကြတာပါ။ဒါပေမဲ့လည်း ဒါဟာ အလွန်အမင်းချဲ့ကားထားတဲ့ခန့်မှန်းချက်တစ်ခုသာဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။

တကယ်လို့ ရုရှား၊ တရုတ်၊အမေရိကန်ခေါင်းဆောင်များကတွေ့ဆုံဖြစ်ခဲ့တယ်ဆိုဦးတော့ သူတို့သုံးဦးစလုံးရဲ့ ကမ္ဘာ့နိုင်ငံရေးရည်မှန်းချက်တွေက မတူညီပါဘူး။ဒါဆိုရင် ဥရောပအနေနဲ့ဘာဖြစ်လို့ကမ္ဘာ့ခေါင်းဆောင်သုံးဦးတွေ့ဆုံမယ့်အခြေအနေကို စိုးရိမ်ကြောက်လန့်နေရတာလဲ။ အဲဒီအတွက်ပေးရမယ့်အဖြေကတော့ သူတို့ရဲ့ဂုဏ်သိက္ခာအတွက်ဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။

ဥရောပနိုင်ငံတွေဆိုတာ နိုင်ငံတကာစနစ်အနာဂတ်နဲ့ပတ်သက်တဲ့ဆွေးနွေးမှုတိုင်းမှာ သူတို့ကမပါမဖြစ်ဆိုတဲ့ပုံစံမျိုး ယူဆထားခဲ့ကြတာပါ။အထူးသဖြင့်  ဥရောပသမဂ္ဂက ကမ္ဘာ့ရေးရာများနဲ့ပတ်သက်လာရင် ဆွေးနွေးဖို့သူ့အတွက်စားပွဲဝိုင်းမှာထိုင်ခုံတစ်လုံးကိုတော့ရလိမ့်မယ်လို့ ယုံကြည်ထားခဲ့တာပါ။ဒါပေမဲ့ အခုလုပ်တဲ့ဆွေးနွေးပွဲက အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။  နိုင်ငံတကာစနစ်ကိုပြုပြင်ပြောင်း လဲနိုင်ဖို့ အကောင်အထည်ဖော်မယ့်အစည်းအဝေး မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ဥရောပသမဂ္ဂလိုအဖွဲ့အစည်းတောင်မပါတဲ့ ဒီတွေ့ဆုံပွဲမှာရုရှားနိုင်ငံကထိပ်တန်းကနေပါဝင်နေတာကိုပဲ ဥရောပနိုင်ငံများက မလို လားတဲ့ပုံစံဖြစ်နေပါတယ်။ အဓိကကတော့တရုတ်တို့၊ရုရှားတို့က ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ကြွေးကြော်ထားတဲ့ ဗဟုဝင်ရိုးနိုင်ငံတကာစနစ်ကို အကောင် အထည်ဖော်ဖို့အတွက် အမေရိကန်သမ္မတနဲ့ဆွေးနွေးသွားမလားဆိုတာကို စိုးရိမ်နေတဲ့အနေအထားလည်းရှိပါတယ်။

တကယ်တမ်းကျတော့ဥရောပဟာ အစိုးရိမ်လွန်နေတာလို့သာဆိုရမှာ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် အပေါ်မှာပြောခဲ့သလိုမျိုးပဲကမ္ဘာ့ခေါင်းဆောင်သုံးဦးကတွေ့ဆုံမယ်၊ မတွေ့ဆုံဘူးဆိုတာ ယတိပြတ်မသေချာသေးပါဘူး။ အကယ်၍တွေ့ဆုံဖြစ်ခဲ့တယ်ဆိုရင်တောင်သူတို့တွေကြားမှာစီးပွား ရေးအရပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားဆွေးနွေးဖြစ်မယ့် အခြေအနေဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းအရေးနဲ့ ယူကရိန်းအရေးလည်းပါလာနိုင်ပါတယ်။ ဒီလောက်ပါပဲ။ဥရောပနိုင်ငံများကစိုးရိမ်နေသလိုနိုင်ငံတကာစနစ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆွေးနွေးမှုကတော့ ဖြစ်လာနိုင်ဦးမှာမဟုတ်ပါဘူး။ Ref: RTထက်မြတ် 

Leave a Reply

Your email address will not be published. Required fields are marked *