ဝါရှင်တန်၊ စစ်ရေးအမေရိကန်နိုင်ငံရှိ အဓိကစစ်စခန်းများကို ပြင်ပအကူအညီမရရှိသည့်အခြေအနေတွင်ပင် အနည်းဆုံးရက် ၉၀ ကြာလည်ပတ်နိုင်ရန် ပင်တဂွန်ကစီမံချက်အသစ်တစ်ရပ်ရေးဆွဲလျက်ရှိကြောင်း Fox News သတင်းဌာနကဖော်ပြထားသည်။ အဆိုပါစီမံချက်သည် အမေရိကန်အနေဖြင့် ကြီးမား သောစစ်ပွဲတစ်ရပ်အတွက် ကြိုတင်ပြင်ဆင်နေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်းသတင်းတွင် ဖော်ပြထားသည်။
FORTRESS ဟု အမည်ပေးထားသည့်အစီအစဉ်အရ အမေရိကန်ပြည်မကြီးရှိ အဓိကစစ်အခြေစိုက်စခန်းများသည် လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့်အခြားအရေးကြီးထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်သည့်အခါတွင်လည်း အခြေခံအကျဆုံးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင်အရေးကြီးစစ်ဘက်သုံးပစ္စည်းများအတွက် ထောက်ပံ့ရေးလမ်းကြောင်း သို့မဟုတ် ထုတ်လုပ်ရေးရင်းမြစ် အနည်းဆုံးနှစ်ခုစီရှိစေရန်လည်း စီစဉ်ထားသည်။
စီမံချက်တွင် ပြင်ပလျှပ်စစ်ဓာတ်အားပေးစနစ်များ ပျက်စီးသွားပါက စစ်အခြေစိုက်စခန်းများအတွက် လျှပ်စစ်ဓာတ်အား ဆက်လက်ထုတ်လုပ်နိုင်ရန် အသေးစားနျူကလီးယားဓာတ်အားပေးစက်များနှင့် အကြီးစားဘက်ထရီစနစ်များ အသုံးပြုနိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း အမေရိကန်စစ်ဘက်ရေးရာဝန်ကြီးကပြောသည်။ Ref: RT
