တိရစ္ဆာန်ဆေးကုဆရာဝန် ရှားပါးသော၊ တိကုဆရာဝန်ခေါ်ရန် အလွန်ခက်ခဲသော ၊ တိကုဆရာဝန်မရှိသော အရပ်ဒေသများမှ တိရစ္ဆာန်မွေးမြူသူများအတွက် အဆင်ပြေစေရန် ဖြစ်ပါသည်။ အကောင်းဆုံးမှာ တိရစ္ဆာန်ဆေးကုဆရာဝန်ဖြင့် ပြပြီး ကုသပေးခြင်း သို့မဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန်၏ လမ်းညွှန်မှုဖြင့် ကုသခြင်းသာ ဆောင်ရွက်စေလိုပါသည်။
ဆေးပေးနည်း (သို့မဟုတ်)ဆေးထိုးနည်းများ ![]()
(၁) အသားထဲ ဆေးထိုးခြင်း (IM)
(၂) အရေပြားအောက် ဆေးထိုးခြင်း (SC)
(၃) သွေးကြောထဲ ဆေးထိုးခြင်း (IV)
(၄) နို့တိုင်အတွင်း ဆေးသွင်းခြင်း (IMI)
(၅) ဝမ်းဗိုက်အတွင်း တိုက်ရိုက် ဆေးထိုးခြင်း (IP)
(၆) ပါးစပ်မှ တိုက်ကျွေး၍ ဆေးပေးခြင်း (PO)
(၇) နှာခေါင်းမှ ဖြန်း၍ ဆေးပေးခြင်း(IN)
(၈) အနာဒဏ်ရာများကို တိုက်ရိုက် ပွတ်လိမ်းခြင်း သို့မဟုတ် ပက်ဖြန်း၍ ဆေးပေးခြင်း
(၁) အသားထဲ ဆေးထိုးခြင်း (IM)
သိုးငယ်၊ ဆိတ်ငယ်၊ နွားငယ်များကို အသားထဲဆေးထိုးရန် ပေါင်အသား နှင့် တင်ပါအသား နေရာရှိ အသားထဲသို့ ဆေးထိုး ကြသည်။ ဆေးအများစုကို အသားထိုးဆေး(IM) အဖြစ် အသုံးပြုရတာ များသည်။ အသားထဲ ဆေးထိုရာတွင် အပ်ကို သင့်တော်သည့် အရွယ်အစား နှင့် အလျားကို အသုံးပြု၍ အရေပြားပေါ် ၉၀ ဒီဂရီ တည့်တည့် ထိုးပေးရသည်။
အသက်အရွယ်အရ ၂၂ / ၂၀ ဂိတ် အရွယ်အစားရှိ ၀.၅ လက္မ အပ်အလျားဖြင့် သိုးငယ်၊ ဆိတ်ငယ်၊ နွားငယ်များကို အသားထဲဆေးထိုးသင့်သည်။ လူသုံးဆေးထိုးပိုက်နှင့်အပ်များကိုလည်း အသုံးပြုနိုင်သည်။
နွားလတ် နှင့် နွားကြီးများကို လည်အိုးနေရာရှိ အသားထဲသို့ ထိုးပေးခြင်းသာ အကောင်းဆုံးဖြစ်သည်။ တင်ပါးအသားကိုလည်း ထိုးကြသည်။
သိုး/ဆိတ်ကြီးများတွင် လည်အိုးနေရာ၊ ပေါင် နှင့် တင်ပါးနေရာ ရှိ အသားထဲ ထိုးလို့ ရသည်။
သိုး/ဆိတ်ကြီးများကို ၂၀/၁၈ / ၁၆ ဂိတ်အရွယ်အစားရှိ ၀.၇၅ အပ်အလျားဖြင့် ထိုးရပြီး နွားလတ်နှင့် နွားကြီးများကို ၁၈ သို့မဟုတ် ၁၆ ဂိတ်အရွယ်အစားများကို ၁ လက္မ သို့မဟုတ် ၁.၅ လက္မအလျားရှိ အပ်များဖြင့် ဆေးထိုးကြသည်။
ကျွဲ/နွားကြီးများတွင် ကျွမ်းကျင်ပါက လူတွင် သုံးသည့် ၁၈ ဂိတ် အရွယ်အစားကို ၂ လက္မခန့် အပ်အလျားအပ်များဖြင့်လည်း အပ်ကို အရင် ထိုးစိုက်ပြီး ဆေးထိုးကြသည်။
(၂) အရေပြားအောက်ဆေးထိုးခြင်း (SC)
▪︎ ကျွဲ/နွား နှင့် သိုးဆိတ်ကို အရေပြားအောက်ဆေးထိုးရန် လည်အိုး နေရာရှိ အရေပြားအောက် ထိုးနှံမှုများသည်။ အရေပြားအောက်ဆေးထိုးရန် ၂၂ သိုမဟုတ် ၂၀ သို့မဟုတ် ၁၈ သို့မဟုတ် ၁၆ ဂိတ်အရွယ်အစားများကို ၀.၅ လက္မအလျားအပ်များဖြင့် တိရစ္ဆာန်အရွယ်အစားပေါ်မူတည်ပြီး ရွေးချယ်ထိုးနှံရမည်။ အရေပြားကို အပေါ်ဆွဲယူ၍ ထိုးသင့်သည်။
(၃) သွေးကြောထဲဆေးထိုးခြင်း (IV)
နားရွက် နှင့် လည်ပင်းသွေးကြောများ အတွင်းသို့ ဆေးထိုးသွင်းခြင်း ဖြစ်သည်။ တချို့ဆေးဝါးများကို အာနိသင်မြန်မြန်ရစေရန် ဒီနည်းကို အသုံးပြုသည်။ကျွမ်းကျင်မှုရှိရန် အထူးလိုအပ်သည်။
▪︎ လိပ်ပြာအပ်(Scalp Vein Needle)
▪︎၂၀ စီစီ ပိုက်နှင့် အတူပါတဲ့ အပ်
▪︎၁၈ ဂိတ် ၂ လက္မအရှည် အပ်
▪︎ဆလိုင်းပိုက်နှင့် ပါတဲ့ အပ် စသည်တို့ဖြင့် ထိုးကြသည်။
(၄) နို့တိုင်အတွင်း ဆေးသွင်းခြင်း (IMI)
ကျွဲ/နွား နှင့် သိုးဆိတ်မများတွင် နို့အုံရောင်ရောဂါအတွက် နို့တိုင်ထဲသို့ ဆေးသွင်းခြင်း ဆောင်ရွက်၍ ကုသကြသည်။
(၅) ဝမ်းဗိုက်အတွင်း တိုက်ရိုက်ဆေးထိုးခြင်း (IP)
▪︎ အရေးပေါ် အခြေအနေများတွင်သာ အသုံးများသည်။ မဖြစ်မနေအခြေအနေတွင် ကျွမ်းကျင်သူများသာ အသုံးပြုသင့်သည့် ဆေးထိုးနည်းလမ်း ဖြစ်သည်။
(၆) ပါးစပ်မှ တိုက်ကျွေး၍ ဆေးပေးခြင်း (PO)
▪︎ ဒီလို ဆေးပေးရာတွင် ပါးစပ်ထဲ တိုက်ရိုက်တိုက်ကျွေးခြင်း၊ ရေထဲ၊ အစာထဲ မှ တဆင့် ဆေးပေးခြင်းများ သုံးနိုင်သည်။ ဆေးပေးရ လွယ်ကူသည်။ နွားကို သက်သောင့်သက်သာ ပိုဖြစ်စေ၍ စိတ်ဖိစီးမှု နည်းစေသည်။
ကျွဲ/နွား၊ သိုး/ဆိတ် စတဲ့ စာမြုပ်ပြန်တိရစ္ဆာန်များသည် အစာအိမ်အူလမ်းကြောင်းတွင် အကျိုးပြုပိုူလေးများဖြင့်လည်း အစာချေခြင်းပြုလုပ်ကြ၍ ပဋိဇီဝတိုက်ဆေးများကို မဖြစ်မနေ လိုအပ်မှသာ တိရစ္ဆာန်ဆေးကုဆရာဝန်၏ လမ်းညွှန်မှုအရ တိုက်ကျွေးသင့်သည်။ သို့မဟုတ်ပါက ပဋိဇီဝတိုက်ဆေးများကြောင့် အကျိုးပြုပိုးလေးများ ပျက်စီးေ-သဆုံး၍ အစာချေခြင်းလုပ်ငန်းကို ထိခိုက်စေတတ်ပါသည်။
ပဋိဇီဝကုသဆေးများမှလွဲ၍ အားဆေးနှင့်တခြားဆေးများကို တိုက်ကျွေးလို့ ရပါသည်။
(၇) နှာခေါင်းအတွင်း ဆေးပေးခြင်း (IN)
▪︎ ဒီဆေးပေးနည်းကို တချို့ ကာကွယ်ဆေးများပေးရာတွင်သာ သုံးကြသည်။
(၈) အနာဒဏ်ရာများကို တိုက်ရိုက် ပွတ်လိမ်းခြင်း သို့မဟုတ် ပက်ဖြန်း၍ ဆေးပေးခြင်း
အရေပြားနှင့် အသားတွင် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ ရှနာ၊ လောက်ဝင်နာ စသည့် အနာမျိုးမျိုးကို အနာကျက်စေရန် ဆေးမှုန့်များ ဖြူးထည့်ပေးခြင်း၊ ခရင်ပုံစံ လိမ်းဆေးများ ပွတ်လိမ်းပေးခြင်း နှင့် ဖြန်းဆေးဘူးများဖြင့် အနာကို ဖြန်းပေးခြင်းများ ပြုလုပ်လို့ ရပါတယ်။ အနာကျက်ဖြန်းဆေးများကို အသုံးပြုခြင်းဖြင့် အဝေးတနေရာမှ ဆေးဖြန်းပေးနိုင်သည်။ ဆေးဖြန်းရန် ထိန်းချုပ်ဖို့ မလိုအပ်ပေ။ လူကို အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ပြီး ဖြစ်စေသည်။
ကျွဲ/နွား ကို ထိုးဆေးများထိုရန် အလေ့အကျင့်နှင့် ကျွမ်းကျင်မှုလိုပါသည်။ သို့မဟုတ်ပါက လူကို အန္တရာယ်ဖြစ်စေနိုင်သည်။ သေချာ ပိုင်နိုင်စွာ ထိန်းချုပ်ပြီးမှသာ ဆေးထိုးခြင်းကို ဆောင်ရွက်သင့်သည်။
Crd . ဒေါက်တာအောင်သူမျိုး (B.V.Sc.) (တဆမ – ၃၈၂၇ )
