အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သောက်သုံးရေကန်များရေခန်းခြောက်မှုလျော့ပါးသက်သာစေရေးအတွက် ဖျာပုံခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေးအစိမ်းရောင်အမိုးများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရေကန်၏ရေမျက်နှာပြင်ပေါ်တွင်ရေအနိမ့်အမြင့်ဖြစ်ပေါ်လာသည့် အတိုင်း အကာအကွယ်ပေးနိုင်စေရန် ရေပေါ်ပေါ်သော ပလတ်စတစ်ပုံးများနှင့် ဇာစိမ်းစများအသုံးပြု၍အုပ်မိုးပေးထားလျက်ရှိသည်။ ရေကန်အမိုးမိုးပေးခြင်းဖြင့် ရေကန်တစ်ကန်တွင် ရေဂါလန်ကိုးသောင်းကျော်အငွေ့ပြန်ခန်းခြောက်ခြင်းမှသက်သာစေပြီး ပိုမိုသုံးစွဲနိုင်စေမည်ဖြစ်သည်။ ကုန်ကျစရိတ်သက်သာ၍ လွယ်ကူစွာဆောင်ရွက်နိုင်သည့် ရေကန်အမိုးမိုးခြင်းများကို ဖျာပုံမြို့နယ် ထိန်တပင်ကျေးရွာ ကျိုက်လတ်မြို့နယ် ဘိုးလူဝကျေးရွာ၊ ကရင်ကုန်းကျေးရွာ၊ ဒေးဒရဲမြို့နယ် ကျုံမှော်ကျေးရွာနှင့်ဘိုကလေးမြို့နယ် အုပ်ကျွတ်ကျေးရွာတို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။