နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၀၆၅ ဘီလီယံတန်ဖိုးနှင့်ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီးဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၆ ရက် ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် မကျီးရေကျေးရွာအနီးတွင် မိုင်းရယ်မှမန္တလေးသို့ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းလေးရွာနေ မျိုးသန့်ထက်(၃၄)နှစ် မောင်းနှင်ပြီး ဒိုက်ဦးမြို့နယ်၊ အောင်စိုးမိုးရွာနေ မခတ္တာဖူး လိုက်ပါလာသော HINO VAN အမျိုးအစား မော်တော်ယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄၄ သိန်း(တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံ)နှင့် ဘိန်းညိုမှုန့် ၁၆၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သုည ဒသမ ၈ ဘီလီယံ)ကို ဖမ်းဆီးရမိခဲ့သည်။
သတင်းကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် အဆိုပါနေရာ၌ သီပေါမှ နောင်ချိုသို့ လားရှိုးမြို့နယ်၊ နောင်မိုရွာနေသူများဖြစ်သည့် စိုင်းညွန့်ဆွေ(၂၈)နှစ် မောင်းနှင်ပြီး စိုင်းအောင်ပွင့် (၃၁)နှစ် လိုက်ပါလာသော MITSUBISHI CANTER အမျိုးအစားယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၁ ဒသမ ၃ သိန်း (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၆၅၀)ကို ဆက်လက်ဖမ်းဆီးရမိသဖြင့် မျိုးသန့်ထက်၊ မခတ္တာဖူး၊ စိုင်းညွန့်ဆွေနှင့် စိုင်းအောင်ပွင့်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာလ ၁၈ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ်၊ နမ့်အော်ရွာအနီး ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် ကျိုင်းတုံမြို့နယ်၊ ဘန်ကြူးရွာနေ ကျလား(၂၃)နှစ် မောင်းနှင် လာသော HONDA WAVE i အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၅၀)ကိုဖမ်းဆီးရမိသဖြင့် ကျလားအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်းသိရသည်။
