၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ

METEOBLUE APP. ECMWF Seasonal Forecast Model မှ ရရှိသော ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ မြေပြင်အထက် ၂ မီတာအမြင့်အပူချိန် – ပုံမှန်ထက် နိမ့်/မြင့် ခန့်မှန်းချက် (2m Temperature Anomaly) မြေပုံ၏ Grid-Data များအရ တွက်ချက်ထားပါတယ်။

မြန်မာနိုင်ငံအပေါ် သုံးသပ်ချက်

တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများ (တနင်္သာရီ၊ ကရင်၊ မွန်၊ ရှမ်းတောင်/အရှေ့) – အားကောင်းသော အယ်လ်နီညို (El Niño) ၏ အကျိုးသက်ရောက်မှုကြောင့် အဆိုပါ ဒေသများတွင် ၂၀၂၆ အောက်တိုဘာလမှ ၂၀၂၇ ဖေဖော်ဝါရီလအထိ ၅ လလုံး၌ နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀.၅°C မှ +၁.၀°C အထိ သိသိသာသာ ပိုမိုမြင့်မားနေမည် ဖြစ်ပါသည်။ ပုံမှန် ဆောင်းရာသီတွင် ရရှိလေ့ရှိသည့် အေးမြသော ရာသီဥတု လျော့နည်းပြီး ပူနွေးသော ဆောင်းရာသီ (Warm Winter) ကို ပိုမိုကြုံတွေ့ရနိုင်ပါသည်။

အလယ်ပိုင်းနှင့် တောင်ဘက်ကမ်းရိုးတန်း ဒေသများ (ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရခိုင်) – နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀.၂°C မှ +၀.၅°C ခန့် ပိုမိုမြင့်မားမည်ဖြစ်ပြီး အထူးသဖြင့် ၂၀၂၆ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၇ ဖေဖေါ်ဝါရီလများတွင် အပူချိန် အနည်းငယ် ပိုမိုသိသာလာနိုင်ပါသည်။

မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ဒေသများ (ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ချင်း) – ဤဒေသများသည် အယ်လ်နီညို၏ တိုက်ရိုက်ပူနွေးမှု သက်ရောက်မှု အနည်းဆုံးဖြစ်ပြီး နှစ်စဉ်ဖြစ်မြဲ အပူချိန်နီးပါး (Normal to Slightly Above Normal) သာ ရှိမည်ဖြစ်ပါသည်။ ဆောင်းရာသီ အေးမြမှု ပုံမှန်အတိုင်း ရှိနိုင်ပါသည်။

နေပြည်တော် ကောင်စီနယ်မြေနှင့် ပတ်သက်၍ သုံးသပ်ချက် နေပြည်တော် ကောင်စီနယ်မြေ – သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ပဲခူးတိုင်း/ရှမ်းပြည်နယ် တောင်ပိုင်းတို့ကြား တည်ရှိသောကြောင့်၊ အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုအရ ဆောင်းရာသီ ကာလများ (၂၀၂၆ အောက်တိုဘာလမှ ၂၀၂၇ ဖေဖေါ်ဝါရီလအထိ) တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀.၂°C မှ +၀.၅°C ခန့် အထိ ပိုမိုမြင့်မားနေမည် ဖြစ်ပါသည်။ အထူးသဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ နှင့် ၂၀၂၇ ခုနှစ် ဖေဖေါ်ဝါရီလ များတွင် အပူချိန်မြင့်တက်မှု ပိုမိုသိသာနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းများ၌ ပုံမှန်ဆောင်းရာသီကဲ့သို့ အေးမြမှု လျော့နည်းကာ ပူနွေးသော ဆောင်းရာသီ အခြေအနေကို ပိုမိုခံစားရနိုင်ပါသည်။

ဒါကြောင့် ၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ချက်

ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် (အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း) – အားကောင်းသော အယ်လ်နီညိုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း/အရှေ့မြောက်ပိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အပူချိန်သည် ဖြစ်မြဲအပူချိန်ထက် +၁.၀°C မှ +၂.၀°C အထိ (အနီရောင်/လိမ္မော်ရောင်ရင့် zones) အလွန်သိသာစွာ မြင့်မားနေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံထက် အပူချိန်မြင့်တက်မှု ပိုမိုပြင်းထန်ပါမည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် (အနောက်ဘက် အိမ်နီးချင်းများ) – အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်မြဲအပူချိန်ထက် +၀.၂°C မှ +၀.၅°C အထိ အနည်းငယ်သာ ပိုမိုမြင့်မားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း/ချင်းပြည်နယ်တို့နှင့် အခြေအနေ တူညီပါသည်။

တရုတ်နိုင်ငံ တောင်ပိုင်း (ယူနန်ပြည်နယ်) – ယူနန်ပြည်နယ်တောင်ပိုင်းတွင် ဖြစ်မြဲအပူချိန်ထက် +၀.၅°C မှ +၁.၀°C ခန့် ပိုမိုမြင့်မားနိုင်သော်လည်း မြောက်ပိုင်းဒေသများတွင် ပုံမှန်ဖြစ်မြဲ အပူချိန်အတိုင်း သို့မဟုတ် ပုံမှန်နီးပါးသာ ရှိမည်ဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့် – ၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးတွင် အပူချိန် ပုံမှန်ထက် မြင့်မားသည့် အခြေအနေ ကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် တနင်္သာရီနှင့် အရှေ့တောင်ပိုင်းဒေသများသည် အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *