ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့ လာရောက်လေ့လာသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သည် လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်   ဥပဒေပညာဌာနမှ ပါမောက္ခ၊  ဌာနမှူး ဒေါက်တာဒေါ်သီသီလွင် ဦးဆောင်သည့် ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလ ၈ ရက်နေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ သဘင် ဆောင်၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဥပဒေပညာကိုသင်ကြားနေကြသည့် ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများအနေဖြင့် ယခုလိုလွှတ်တော်ကို စိတ်ပါဝင်စားစွာလာရောက်လေ့လာသည့်အတွက် လှိုက်လှဲဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ ယနေ့အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ ရှင်းလင်းတင်ပြချက်များအား ကိုယ်တိုင်မျက်မြင်တွေ့ရှိရသဖြင့် လွှတ်တော်အတွင်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဗဟုသုတများ အထိုက်အလျောက်ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကိုကျင့်သုံးပြီး ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ဟူ၍ရှိပါကြောင်း၊ လွှတ်တော်များသည်  ပြည်သူများကို ကိုယ်စားပြုသည့်ပုဂ္ဂိုလ်များအား စုစည်းထားသည့်နေရာဖြစ်၍ လွှတ်တော်သည်ပြည်သူ့ဆန္ဒများကို တစ်ဆင့်ခံဆောင်ရွက်နေသည်ဟု နားလည်စေလိုပါကြောင်း၊ လွှတ်တော်များသည် မဲဆန္ဒရှင်ပြည်သူများ၏ လိုလားချက်များကို  လွှတ်တော် အတွင်း၌ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူနှင့်အစိုးရအကြားဆက်သွယ်ပေးရသည့် ကြားခံအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါကြောင်း။  

မိမိတို့လွှတ်တော်တွင် ကော်မတီ(၂၂)ခုဖွဲ့စည်းထားရှိပါကြောင်း၊ ကော်မတီများသည် လွှတ်တော်၏ အဓိကတာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူကိုကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက်ရာတွင် ထိရောက်စွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ ပြည်သူများအားလုံး ဥပဒေ၏အကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက်လည်း တည်ဆဲဥပဒေများကို ခေတ်ကာလနှင့်ကိုက်ညီမှုရှိစေရန် လေ့လာစိစစ်လျက်ရှိပါကြောင်း၊ ထို့ပြင်ယနေ့တွင် ပြည်သူများကြုံတွေ့နေရသည့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ဒုတိယပုံမှန်အစည်းအဝေးကာလတွင် အတည်ပြုပေးနိုင်ခဲ့ပါကြောင်း၊ ယခုလာရောက်လေ့လာသည့်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်က ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိမိတို့လွှတ်တော်နှင့် ဆက်သွယ်ဆွေးနွေးနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်   လွှတ်တော်ကို ပြည်သူများပိုမိုသိရှိပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကိုးအားထားပြုရသည့် မဏ္ဍိုင်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက လွှတ်တော်၏လုပ်ငန်းစဉ်များနှင့်အခြားသိရှိလိုသည်များကိုမေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ်ပြန်လည်ဖြေကြားသည်။ 

တွေ့ဆုံပွဲအပြီးတွင်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တက်ရောက်လာကြသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာမများနှင့်   ကျောင်းသား၊ ကျောင်းသူများအား  တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်  ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းဦး၊ ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါက်တာနေလင်း၊ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ   အတွင်းရေးမှူးဦးရဲထွဋ်အောင်၊ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးကိုကိုသင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါ်အေးမြမြကြိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ  တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *