အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဒုတိယသမ္မတရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုးရွားမှုများအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည့်အခြေအနေများ၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်ပြင်းထန်မြင့်တက်လာမှုများ၊ မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ရုတ်တရက်မုန်တိုင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပေါ်နိုင်သည့်အခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုကို မိုးခေါင်မှုတစ်ခုတည်းအတွက်သာမဟုတ်ဘဲဘေးအန္တရာယ်မျိုးစုံအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း (Multi-Hazard Preparedness)အဖြစ် စဉ်းစားရန်လိုအပ်သည့်အခြေအနေ၊ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အချက်အလက်များအရ အယ်လ်နီညိုဖြစ်စဉ်သည် မြန်မာနိုင်ငံအတွင်း ၂၀၂၆ ခုနှစ်ကာလမှ ဆက်လက် အားကောင်းလာနိုင်ကာ ၂၀၂၇ ခုနှစ်အစောပိုင်းအထိ ဆက်လက်သက်ရောက်နိုင်သည့် အခြေအနေ၊ စိုက်ပျိုးရေလျော့နည်းခြင်းကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု နည်းပါးစေရန် အပူဒဏ်ခံနိုင်မည့်သီးနှံများ၊ သက်တမ်းတိုသည့်မျိုးများ ရွေးချယ်စိုက်ပျိုးရမည့်အခြေအနေ၊ အပူရှောင်စခန်းများဖွင့်လှစ်ဆောင်ရွက်ရမည့်အခြေအနေ၊ အပူဒဏ်ကြောင့် တိရစ္ဆာန်များရောဂါရလွယ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့်ဖြစ်ပေါ်လာနိုင်မည့်ရောဂါများ ကာကွယ်နိုင်မှုအခြေအနေ ရေလှောင်တမံများရေဝင်ရောက်မှုနည်းပါးခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့ကျသက်ရောက်မှုများအပေါ် ဆိုလာစနစ်ဖြင့်အစားထိုးဆောင်ရွက်နိုင်မည့်အခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွက်ပြင်ဆင်ရာတွင် သက်ရောက်နိုင်ခြေများနှင့်ချိတ်ဆက်ပြီး ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လျော့ပါးသက်သာစေခြင်းတို့ကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် စားရေရိက္ခာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လူမှုဘဝစသည့် ကဏ္ဍအသီးသီးကိုသက်ရောက်နိုင်သောအန္တရာယ်(Multi-sectoral Risk) ဖြစ်နိုင်သည့်အခြေအနေ၊လက်ရှိဖြစ်ပေါ်နေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်နောက်ဆက်တွဲ သက်ရောက်မှုများအရဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ဒေသအလိုက်၊ ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုအပ်သည့်အခြေအနေများကို အသေးစိတ်ဆွေးနွေးပြောကြားပြီးကဏ္ဍစုံတွင် သက် ရောက်လာနိုင်မည့်အခြေအနေများနှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်နောက်ဆက်တွဲ သက်ရောက်မှုများအရ ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်များအတွက် ဒေသအလိုက်၊ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ခြင်းနှင့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပေါင်းစပ်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။
