ရန်ကုန်မြို့ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံး၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းရုံး၊ အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားများနှင့် ဆိုက်ကပ်ထားသောသင်္ဘောများတွင် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် အပြာရောင်မီးများကို စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းတွင် ထွန်းညှိခဲ့ကြောင်း သိရ သည်။
ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ကို နှစ်စဉ် စက်တင်ဘာလနောက်ဆုံးပတ်၏ ကြာသပတေးနေ့တွင် ကမ္ဘာတစ်ဝန်းကျင်းပလေ့ရှိသည်။၂၀၂၆ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနား (World Maritime Day 2026) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ၂၀၂၅ ခုနှစ်အတွင်း မြန်မာသင်္ဘောသားများကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ရှာဖွေပေးနိုင်သည့် သင်္ဘောသား စုဆောင်းခြင်းနှင့် အလုပ်အကိုင် နေရာချထားခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း (SRPS) ကုမ္ပဏီသုံးခုကို ဂုဏ်ပြုဆုများ ပေးအပ်သည်။
အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထွန်းလူက အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (IMO) အနေဖြင့် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့အတွက် ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့၏ ဆောင်ပုဒ်ကို “ရေကြောင်းကဏ္ဍ မြှင့်တင်ဖို့ – မူဝါဒမှ လက်တွေ့သို့” (From Policy to Practice: Powering Maritime Excellence) ဟု သတ်မှတ်ထားကြောင်း၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ဆောင်ပုဒ်သည် ကုန်သွယ်မှု တိုးချဲ့ခြင်း၊ ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်ခြင်း၊အလုပ်အကိုင် ကောင်းများဖန်တီးခြင်းနှင့် အဏ္ဏဝါ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းခြင်းတို့ဖြင့် ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကိုအထောက် အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အတွက် “မူဝါဒမှ လက်တွေ့သို့” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်လင်းတင်ပြသည်။
ဆက်လက်၍ ရေကြောင်းကဏ္ဍအား ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာဆွေးနွေးပွဲ၊ ကမ်းရိုးတန်းသင်္ဘောများအတွက် Collective Bargaining Agreement ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်္ဘောသားအလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးဆိုင်ရာဆွေးနွေးပွဲတို့ကို ကျင်းပခဲ့ကြောင်း သိရသည်။
