တရုတ်ခရီးသွားဝက်ဆိုက်က ဒေါ်လာ ၇ သိန်း ကျော်တန်သည့် အာကာသခရီးစဉ် ရောင်းချ

တရုတ်နိုင်ငံ၏ အွန်လိုင်းခရီးသွားဝန်ဆောင်မှုပလက်ဖောင်းဖြစ်သည့် Trip.com က အမေရိကန် ဒေါ်လာ ၇ သိန်းကျော်တန်ဖိုးရှိသည့် အာကာသခရီးသွားအစီအစဉ်ကို စတင်ရောင်းချလိုက်ခြင်းကြောင့် တရုတ်နိုင်ငံအတွင်း အာကာသခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများမြင့်တက်လာသည်။

အဆိုပါခရီးစဉ်သည် စုစုပေါင်း ၆ ရက်ကြာမြင့်မည်ဖြစ်ပြီး ပထမ ၄ ရက်တွင် အာကာသခရီးစဉ်အတွက် လိုအပ်သည့်လေ့ကျင့်မှုများပြုလုပ်ရမည်ဖြစ်သည်။ ပဉ္စမနေ့တွင် အမေရိကန်အာကာသခရီးသွား ကုမ္ပဏီ Virgin Galactic ၏ လေယာဉ်ဖြင့် အာကာသအစွန်းအထိပျံသန်းသည့် မိနစ် ၉၀ ကြာ suborbital ခရီးစဉ်ကို ပြုလုပ်မည်ဖြစ်သည်။

ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၇၅၉၉၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ယင်းကုန်ကျစရိတ်တွင် အာကာသခရီးသွားအစီအစဉ်နှင့်သက်ဆိုင်ရာတည်းခိုစရိတ်များပါဝင်သည်။ အမေရိကန်သို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ဗီဇာ၊ အာမခံနှင့် အခြားကုန်ကျစရိတ်များမပါဝင်ပေ။

ယင်းခရီးစဉ်အတွက် Trip.com ၏ တရုတ်ပြည်မကြီးဝန်ဆောင်မှုဖြစ်သည့် Ctrip မှတစ်ဆင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ Ref: SCMP

Leave a Reply

Your email address will not be published. Required fields are marked *