နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO၊ DPLA၊ KNDF နှင့် PDF အမည်ခံအဖွဲ့ဝင်  ၆၀ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့်   နယ်မြေများအား  အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး  ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။ 

ယနေ့တွင်လည်း  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ အင်းလေး PDF ၁၀ ဦး၊ ယင်းမာပင် PDF ၃ ဦး၊  DPLA ၆ ဦး၊ KNDF ၂ ဦး၊ ဖယ်ခုံPDF ၁ ဦး၊ လွိုင်ကော် PDF ၁ ဦး၊ PNLO အဖွဲ့ဝင် ၃၇ ဦး၊ စုစုပေါင်း ၆၀ ဦးတို့သည်  ပစ္စတိုသေနတ် ၂ လက်၊ M-22 သေနတ် ၂ လက်၊ MA-1 သေနတ် ၂ လက်၊ Type- 81 သေနတ် ၉ လက်၊ AK-47 သေနတ်  ၁၃ လက်၊ M -16 သေနတ် ၃ လက်၊ BA -72 သေနတ် ၁ လက်၊ ပွိုင့် -၂၂ သေနတ် ၁ လက်၊  နှစ်လုံးပြူးသေနတ် ၁ လက်၊ Bazooka ၁ လက်၊ စုစုပေါင်းလက်နက်မျိုးစုံ (၃၅)လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ကျည်မျိုးစုံ ၈ တောင့်၊ ယမ်းတောင့် ၁ ခုတို့နှင့်အတူ  ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် အကြမ်းဖက်အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏  အကျိုးစီးပွားအတွက်  အပြစ်မဲ့ပြည်သူများနှင့်  နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန် ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် တောင်ကြီးမြို့နယ်မှ အမျိုးသား ၃ ဦး၊ ရပ်စောက်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ညောင်ရွှေမြို့နယ်မှ  အမျိုးသား ၁၀ ဦး၊ ဖယ်ခုံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ပင်လောင်းမြို့နယ်မှ အမျိုးသား ၃ ဦး၊  လွိုင်ကော်မြို့နယ်မှ အမျိုးသမီး ၁ ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား ၅ ဦး၊ ယင်းမာပင်မြို့နယ်မှ အမျိုးသား ၂ ဦး၊ ပုလဲမြို့နယ်မှ အမျိုးသား ၁ ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံခြင်းနှင့် ဆုကြေးငွေထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အလင်းဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ဥပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။   ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပစ္စတို ၁ လက်အတွက် ဆုကြေးငွေ သိန်း ၂၀ နှုန်းဖြင့် ၂ လက်အတွက် ငွေကျပ် သိန်း ၄၀၊ Bazooka ၁ လက်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်း၊ ရိုင်ဖယ်အုပ်စုဝင် သေနတ် ၁ လက်နှုန်းအတွက် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် ၃၁ လက်အတွက် ငွေကျပ်သိန်း ၁၅၅၀၊ နှစ်လုံးပြူးသေနတ် ၁ လက်အတွက် ဆုကြေး ငွေကျပ် သိန်း ၃၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ဆုကြေးငွေကျပ် ၃ သိန်းနှင့် အလင်းဝင် ရောက်လာသူများအတွက် တစ်ဦးလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် ၆၀ ဦးအတွက် ဆုကြေးငွေ ကျပ်သိန်း (၁၂၀)၊ စုစုပေါင်း ငွေကျပ်(၁၈၁၈) သိန်းအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အလင်းဝင်ရောက်လာသူများ ကိုယ်စားအလင်းဝင်ရောက်လာသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး  မိဘအုပ်ထိန်းသူများထံ  ပြန်လည် လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး၍ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြား သိရပါသည်-

PDF အကြမ်းဖက်အဖွဲ့က မဝင်မနေရ ခြိမ်းခြောက်စည်းရုံးခဲ့တဲ့အတွက် PDF အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက် PDF အဖွဲ့ဝင်များက ပြည်သူများအပေါ် ဆက်ကြေးများ ကောက်ခံခဲ့တယ်။ အထက်အရာရှိ ခေါင်းဆောင်များက ကျွန်တော့်ကို ဆဲဆိုပြောဆိုခြင်းများရှိခဲ့တယ်။ ထွက်ပြေးရင်လည်းမိဘ၊ ညီအစ်ကိုမောင်နှမတွေကို ဖမ်းဆီးမယ်ဆိုပြီး ပြောတယ်။ ကျွန်တော်စိတ်ဓာတ်ကျဆင်းခဲ့ရတယ်။ ထွက်ပြေးခဲ့ပြီး အခုလို   အလင်းဝင်ရောက်လာခဲ့ရခြင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အလင်းဝင်ရောက်လာတဲ့ လူငယ်တွေကိုလည်း နွေးထွေးစွာကြိုဆိုပေးနေတဲ့အတွက် အကြမ်းဖက်အဖွဲ့ထဲမှာ ကျန်ရှိနေသေးတဲ့ လူငယ်တွေကို အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်ပြောစကားတွေကို နားမထောင်ဘဲ တပ်မတော်ထဲကို အလင်းဝင်ရောက်လာခဲ့ဖို့ တိုက်တွန်း လိုပါတယ်”ဟုပြောသည်။

“၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ မှာ သူငယ်ချင်းတွေရဲ့ စည်းရုံးမှုနဲ့ ကျွန်တော်အဖွဲ့ထဲကို ပါသွားတာပါ။ အဖွဲ့ထဲမှာနေစဉ်ကာလကလည်း ခေါင်းဆောင်ပိုင်းတွေက သူတို့ အချင်းချင်းလည်းမတည့်ကြဘူး။ နေရာလုနေကြတယ်။ လက်အောက်ငယ်သားတွေကို ဖိနှိပ်တာမျိုး၊ ရပိုင် ခွင့်အပြည့်အဝ မရတာတွေလည်း  ပါတာပေါ့။ နောက်ပိုင်းကြတော့ ကျွန်တော်လည်း ထိတွေ့တိုက်ပွဲ တွေဖြစ်တဲ့ အချိန်ကျရင် သေမှာ ကြောက်တာတစ်ဖက်  အခွင့်အလမ်းမရှိတာတစ်ဖက် အဲဒါကြောင့် ထွက်ပြေးခဲ့တာပါ။ တပ်မတော်ဘက်ကို အလင်းဝင်လာတော့လည်း ကောင်းကောင်းမွန်မွန်နဲ့ နွေးနွေးထွေးထွေးနဲ့ မိသားစုလို ညီအစ်ကိုမောင်နှမလို ကြိုဆိုတဲ့ အတွက် ဝမ်းလည်းသာတယ်၊ ပျော်လည်းပျော်တယ် ။ ကျန်ခဲ့တဲ့ လူငယ်လေးတွေကိုလည်း အလကား အကြောင်းမဲ့  အသေခံမယ့်အစား တပ်မတော်မှာအလင်းဝင်ပြီးတော့ ကိုယ့်မိသားစုနဲ့ အေးအေးချမ်းချမ်း ပြန်နေထိုင်စေချင်ပါတယ်” ဟုပြောသည်။                                   

Leave a Reply

Your email address will not be published. Required fields are marked *