နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွံတေးမြို့နယ် မွေးမြူရေးဇုန်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဇုန်များအလိုက် ကော်မတီများဖွဲ့စည်းထားရှိမှု၊ မွေးမြူရေးဇုန်များကို အပိုင်းအလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး  မွေးမြူရေးဇုန် များအလိုက် ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား၊ ငါး နှင့် ငုံးများမွေးမြူထားရှိမှု၊ မွေးမြူရေးဇုန်များမှ အသား၊ ငါးနှင့် ဥများ ထုတ်လုပ်ရောင်းချနိုင်မှု၊ မွေးမြူရေးဇုန်များအတွက် ရေလုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံးရေတင်လုပ်ငန်းများဖြင့် ရေဖြန့်ဝေပေးလျက်ရှိမှု၊ ဇုန်များအလိုက် လျှပ်စစ်မီးလုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကုန်ထုတ်လမ်းများဖောက်လုပ်ပေးထားမှု၊ အရိပ်ရ လေကာပင်များ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးဇုန်များအလိုက်တိရိစ္ဆာန်အစာများ လုံလောက်စွာရရှိနိုင်ရေး အစာစပ် စက်ရုံများဖြင့်ထုတ်လုပ်ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်အကြီးအကဲ တွံတေးမွေးမြူ ရေးဇုန်သို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ကြရာတွင် မြေပြင်အခြေခံ ကိန်းဂဏန်းအချက်လက်များ ပြည့်စုံပြီးမှန်ကန်မှုရှိရေးသည်အဓိကကျပြီး ယင်းအချက် အလက်များကိုအခြေခံတွက်ချက်၍စီမံချက်များရေးဆွဲကာအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရကြောင်း၊ ပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အသား၊ ငါးနှင့် ဥများလုံလောက်စွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက စီမံတွက်ချက် လျာထားဆောင်ရွက် သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ချထားပေးသည့် မြေနေရာများအား အခြားနည်းများဖြင့် သုံးစွဲမှုများမရှိအောင်လည်း စနစ်တကျ ကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း။

မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လှောင်မွေးခြင်း၊ လှန်မွေးခြင်းနှင့် လွှတ်ကျောင်း၍ မွေးခြင်းဆိုသည့် မွေးမြူနည်းသုံးမျိုးရှိကြောင်း၊ ထိုသို့မွေးမြူရာတွင်လည်း နည်းလမ်းများအလိုက် နည်းစနစ်တကျဖြင့် မွေးမြူရန်လိုကြောင်း၊ လှောင်မွေးခြင်းစနစ်ကို ဆောင်ရွက်ရာတွင်လည်း တိရစ္ဆာန်များကိုအစာနှင့်ရေများ လုံလောက်စွာဖြင့် ပြည့်ပြည့်ဝဝကျွေးမွေးရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်သည် မဖြစ်မနေ လိုအပ်ကြောင်း၊ မွေးမြူသည့် တိရစ္ဆာန်အမျိုး အစားအလိုက် မျိုးကောင်းမွန်မှသာ ထုတ်လုပ်မှုများတိုးတက် မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေပြုပြင်ခြင်း လုပ်ငန်း၌ မြေဩဇာများ ထည့်သွင်းအသုံးပြုရသကဲ့သို့  မွေးမြူရေးလုပ်ငန်းတွင်လည်း တိရစ္ဆာန်အစာကို လုံလောက်စွာ ကျွေးမွေးနိုင်ရန်လိုအပ်သဖြင့် တိရစ္ဆာန်အစာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာ ရရှိရန်လိုသကဲ့သို့ တိရစ္ဆာန်များ အတွက်လည်း သန့်ရှင်းသော ရေလုံလောက်စွာရရှိရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ နည်းစနစ်တကျမွေးမြူပြီး အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာစေရေး အကောင်အရေအတွက် အလိုက် လိုအပ်မည့်မွေးမြူမည့်နေရာ ပမာဏ၊ ရေ၊ အစာနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်၊ စဉ်ဆက်မပြတ်သည့် မွေးမြူထုတ်လုပ်မှုစသည်ဖြင့် စနစ်ကျနသည့် မွေးမြူရေးအစီအမံများ ရှိရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် တွံတေးမြို့နယ်အတွင်းရှိ မွေးမြူရေးဇုန်များအတွင်း မွေးမြူရေး လုပ်ငန်းများတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ပြီး တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ အသား၊ ငါးနှင့် ဥများကို ဈေနှုန်းသက်သာစွာဖြင့် ဝယ်ယူစား သုံးနိုင်ရေး စနစ်တကျ စီမံချက်ရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွေးမြူရေးဇုန်အတွင်း မွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုူစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရန်ကုန်-တွံတေးသွား ကား လမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လှည်ကြည့်ရှုစစ်ဆေးပြီးမြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား သို့ရောက်ရှိကြကာ နိုင်ငံတော်သမ္မတက ရန်ကုန်မြစ်အတွင်း မြစ်ကြောင်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *