နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာကိုယ်ထည်ရေတိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ အကြားနေရာ၌ ဧရာဝတီ မြစ်မှ ခွဲထွက်လာသော တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀ ၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်ရေတိုက်စားမှုဖြစ် ပေါ်ခဲ့ပြီး အဆိုပါရေတိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေမှုကို ဩဂုတ်လ ၂၉ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ 

          ဦးစွာ နိုင်ငံတော်သမ္မတသည် ရန်ကုန်-မအူပင် လမ်းကြောင်းအတိုင်း ညောင် တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ပြီး လမ်းကြောင်းတစ်လျှောက် ရေဝပ်ဧရိယာဖြစ်ပေါ်နေမှုများ၊ ရေဆင်းလမ်းကြောင်းပိတ် ဆို့နေမှုများ၊ ရေကျော်နေရာဖြစ်ပေါ်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

          ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ညောင်တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဧရာ ဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် နှင့်တာဝန်ရှိသူများ၊ ဒေသခံ ရပ်မိရပ်ဖ များနှင့်ပြည်သူများက တိုးမြစ်အတွင်းမြစ်ကြမ်းပြင် ရေတိုက်စားမှုအခြေအနေများ၊ ဧရာဝတီ မြစ်ခွဲမှ ခွဲထွက်သွားသည့် တိုးမြစ်၏ အစပိုင်း ပေ ၄၅၀၀ ခန့်အကွာ၌ မြစ်ကွေ့နေရာ တည်ရှိပြီး မြစ်ကွေ့နေရာ ၂ မိုင်ခန့် အတွင်း ရေနက်စီးကြောင်းသည် မာယူ/ချောင်းဖျား ကျေးရွာ၊ ချောင်းကြီးကျေးရွာ၊ ဂန်ချောင်းကျေးရွာနှင့် ထုံးဝကျေးရွာ များသို့ ဦးတည်ရွေ့လျားပြောင်းလဲလာပြီး မြစ်ကမ်းပါးရေတိုက်စားမှုများကြောင့် နှစ်စဉ် ကမ်းပါးပြိုကျ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊  ဂန်ချောင်း ကျေးရွာအနီး မြစ်ရေတိုက်စားမှုကြောင့် နှစ်စဉ် ပေ၁၅၀ မှ ၂၆၅ ပေခန့်အထိ မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၄၀ ကျော် အတွင်း စိုက်ပျိုးမြေများအပါအဝင် စုစုပေါင်း မြေဧရိယာ ၁၀၀၀ ကျော်ခန့်ပျက်စီး ဆုံးရှုံးခဲ့ကာ မြစ်တစ်ဖက်ကမ်းတွင် မြေနုကျွန်း ဧက ၈၅၀ ပေါ်ထွန်းတည်ရှိနေသည့် အခြေအနေများ၊ ဒေသတွင်းရေဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မူလတာ၏ အနောက်ဘက်များတွင် ပန်းတာ၊ ဖြတ်တာများအား ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှ ယခုဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ၁၂ ခုခန့် ဆောင်ရွက်ပေးခဲ့သည့်အခြေနေများ၊ ယခု ညောင်တုန်းကျွန်းတာ တာကိုယ်ထည် ရေတိုက်စားမှုဖြစ်ပွားခဲ့မှုအား ကာကွယ်နိုင်ရေး အတွက် တာခြေတွင် တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူရင်းတာ 2nd Bund Slope အခြေသဲအိတ်ထောက်ခြင်း၊ ယာယီပန်းတာတည်ဆောက်ခြင်း၊ ကမ်းရင်းတာ Bund Slope တည်ဆောက်ခြင်းနှင့် ယာယီပန်းတာ၏ အရှေ့ဘက်ဆင်ခြေလျှော တိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများ၊ ပန်းတနော်မြို့နယ်ရှိ ဒေါင့်ကြီး၊ နံဂါတ်၊ တောကျောင်း၊ ပေါက်ချောင်း၊ ကဇင်းတော၊ ကျောင်းစု၊ ကဿဝင်ကျေးရွာများနှင့် မအူပင်မြို့နယ်ရှိ ချောင်းကြီး၊ ဂန်ချောင်း၊ လှည်းဆိပ်ကျေးရွာများကမ်းပြိုမှုကင်းဝေးရန်နှင့် ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးအတွက် ရေရှည်ဆောင်ရွက်သင့်သည့်အစီအမံ များ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။    

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လာမည့်နှစ်များအတွင်း ယခု ကဲ့သို့ တာဘောင်များရေတိုက်စားမှုဖြစ်စဉ်များနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ လျော့ကျစေရေးအတွက် မြစ်ကြောင်းများတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများအားလုံး၏ ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်း ခင်း Bed level များအား စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်ခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့် ရေကြောင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ် ပွားမှုများကို ကြိုတင်တားဆီးကာကွယ်လျှော့ချခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ ရေစီးဆင်းရာလမ်းကြောင်းအတိုင်း စီးဆင်းနိုင်မှုမရှိခြင်းကြောင့်သာ ရေများ အထက်မှ အောက်သို့ မစီးဆင်းနိုင်ဘဲ ဘေးဘက်နေရာများသို့ တိုက်စားစီးဆင်းသွားခြင်းဖြစ် ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  မြစ် ချောင်းများ၏ ရေစီးရေလာအခြေအနေများအား အမြဲမပြတ်လေ့လာဆန်းစစ် သုံးသပ်ပြီးလိုအပ်သည့် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်စီမံချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေရန်လိုကြောင်း။  

ရေလမ်းကြောင်းပေါ်ရှိ မြေနုကျွန်းများ တူးထုတ်ရှင်းလင်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း စက်သုံးဆီသုံးစွဲမှုအခက်အခဲမဖြစ်ပေါ်စေရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကိုအသုံးပြုသည့် မြေတူးစက်များဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများတစ်လျှောက်သောင်တူးဖော်ခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက် သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံမှုများကို များစွာလျော့ပါးစေ နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ လျှော့ချနိုင်ရေးဆောင် ရွက်ရာတွင် အရေးကြီးသည့် ရေတိုလုပ်ငန်းများကိုအချိန်နှင့်တပြေးညီ ဆောင်ရွက်ရသကဲ့သို့ ရေရှည်အတွက်လည်းစနစ်တကျသုံးသပ်တွက်ချက်ပြီး ပြင်ဆင်ဆောင်ရွက် သွားရန်လိုကြောင်း၊ မြစ်ချောင်းများတစ်လျှောက်ပိတ်ဆို့နိုင်သည့်နေရာများကို စနစ် တကျရှင်းလင်းဆောင်ရွက်သွားမည်ဆိုပါက ရေစီးဆင်းမှုများ ကောင်းမွန်ပြီး ရေကြီး ရေလျှံမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တာကိုယ်ထည်မြစ်ကမ်း ရေတိုက်စားမှုကြောင့် ပြိုကျမှုများကို အချိန်မီထိန်းသိမ်း ပြုပြင်ဆောင်ရွက်သကဲ့သို့ အခြားတာရိုးများတစ်လျှောက် ရေတိုက်စားနိုင်သည့် နေရာများကိုလည်း ကြိုတင်ပြင်ဆင် ကာကွယ်ခြင်းများဆောင်ရွက်သွားကြရန်လိုကြောင်း။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအနှံအပြား၌ သဘာဝဘေးဒဏ်နှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်မျိုးစုံကြုံတွေ့ရလျက်ရှိပြီး လတ်တလောဖြစ်ပေါ်ခဲ့သည့် နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်ကို သင်ခန်းစာယူ၍ ရာသီဥတုပြောင်းလဲမှု (Climate Change)၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရေရှည်အကျိုးအတွက် စီမံတွက်ချက် ဆောင်ရွက် သွားကြရန်လိုကြောင်း။

ယခုရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ညောင်တုန်းကျွန်းတာ ရေတိုက်စားမှု ယာယီတားဆီးကာကွယ်နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား အမြန်ဆုံးပြီးစီးနိုင်ရေးအတွက်လည်း ရနိုင်သမျှသောအင်အားစုများဖြင့် အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။

တစ်ချိန်တည်း၌ပင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကိုလည်း စနစ်တကျစစ်တမ်း ကောက်ယူသွားရန်လိုကြောင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး တာဝန်ရှိသူ သက်ဆိုင်ရာဌာနများအားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန်လိုကြောင်း။

          ရန်ကုန်-မအူပင် သွား ကားလမ်းဘေးဝဲယာတစ်လျှောက် ရေများမြောင်းပိတ်ဆို့ မှု မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများက စနစ်တကျ ဖြင့် ရှင်းလင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေထွက်လမ်းကြောင်းများ ကောင်းမွန် နေမှသာ ရေကြီးရေလျှံမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ကားလမ်းတစ်လျှောက် ရေကျော်သည့်နေရာများ၌ လမ်းသားမြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ညောင်တုန်းကျွန်းတာ တာကိုယ်ထည် ရေတိုက်စားမှုဖြစ်ပွားခဲ့မှုအပေါ် ယာယီကာကွယ်နိုင်ရေးအတွက် တာခြေတွင် တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူရင်းတာ 2nd Bund Slope အခြေသဲအိတ်ထောက်ခြင်း၊ ယာယီ ပန်းတာတည်ဆောက်ခြင်း၊ ကမ်းရင်းတာ Bund Slope တည်ဆောက်ခြင်းနှင့် ယာယီပန်းတာ၏ အရှေ့ဘက်ဆင်ခြေလျှော တိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တာဘောင်ပြုပြင်ရာတွင် လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီး စီးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တာဘောင်ပြုပြင်ရေးနှင့် ရေဘေး ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *