တပ်မတော်ဆေးတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ဆေးပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းသည့် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ်လ ၂၄ ရက်နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မစာသင်ဆောင်၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur၊ စစ်သံမှူး Colonel Arjun N Singh နှင့်တာဝန်ရှိသူများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများလှူဒါန်းရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ လှူဒါန်းမှုဆိုင်ရာစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများသည် ပေးအပ်လှူဒါန်းထားသည့် သင်ထောက်ကူပစ္စည်းများခင်းကျင်းပြသမှုနှင့်၎င်းပစ္စည်းများအားအသုံးပြု၍ သင်ကြားရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ယနေ့ အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် သင်ထောက်ကူပစ္စည်းများအနေဖြင့် ဝမ်းဗိုက်နှင့်အရိုးဆစ်များအတွင်း အပေါက်ငယ်များဖောက်ကာကင်မရာဖြင့်ကြည့်၍ ခွဲစိတ်သောစက်ကိရိယာတစ်စုံ၊ အဆင့်မြင့်သွားတုပုံဖော်စက်တစ်စုံ၊ မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးသည့်စက်တစ်စုံ၊ ရောဂါဗေဒဓာတ်ခွဲခန်းတွင်အသားစမှန်ပြားများအား ဒီဂျစ်တယ်စနစ်ဖြင့်ကူးယူသော စက်တစ်စုံ၊ ဆေးပညာသင်ကြားရေးဆိုင်ရာအဆင့်မြင့်အသံနှင့်ကင်မရာ စနစ်တစ်စုံ၊ သင်ကြားရေးသုံးမျက်နှာပြင်ကျယ်ကွန်ပျူတာဖန်သားပြင်များနှင့်အရည်အသွေးမြင့် ပရိုဂျက်တာများပါဝင်ကြောင်းသိရှိရပြီး ဆေးပညာသင်ကြားရေး၊ သုတေသနနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်းနှင့်အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံအကြားရှိရင်း စွဲချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်းသတင်းရရှိသည်။
