တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ စမ်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများအား အဆိုပါကျေးရွာရှိ စမ်းရွာကျောင်းတိုက်၌ အခြေပြု၍ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂ ပါးနှင့်ဒေသခံပြည်သူ ၁၀၅ ဦးတို့အား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
