နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံအာမတီမြို့  အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ  အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး  မစ္စတာ ဒါရ်ခန်  ဆာတီဘယ်လ်ဒီ၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီတို့သည် လေဆိပ်ဧည့်ခန်းမဆောင် ၌ တွေ့ဆုံဆွေးနွေးကြသည်။            

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်အစိုးရမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဉ်များသွားရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်  ကာဇက်စတန်နိုင်ငံတို့အကြား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှုများဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူးက အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး နိုင်ငံတော်သမ္မတက အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာကြရာ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများကလေဆိပ်တွင် ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။  

Leave a Reply

Your email address will not be published. Required fields are marked *