ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ရာဂျာစတန်ပြည်နယ်မှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိကြရာ ရာဂျာစတန်ပြည်နယ်ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်မိုးလွင်နှင့်  တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် လေဆိပ်ဧည့်ခန်းမဆောင်တွင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ဇွန်လအတွင်း တရားဝင်ခရီးစဉ် လာရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဆက်ဆံမှုများစွာရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လက်ရှိအချိန်တွင် ဒေသအတွင်းအကောင်းဆုံးဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများတိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍  ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန် ပြည်နယ်ဆေးဝါးနှင့် ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

၎င်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) နှင့်တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။    

Leave a Reply

Your email address will not be published. Required fields are marked *