နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကိုထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများတက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့်အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမအားစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့်တက်ရောက်လာကြသူများက စံပယ်ပန်းကုံးများ၊ အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့ပြင် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
