ဆေးဝါးအမယ်သစ်ခြောက်မျိုးအား သုတေသနပြုစမ်းသပ်အောင်မြင်ခဲ့သူများကိုဂုဏ်ပြု

၁၉၈၂ ခုနှစ်မှ   ယနေ့အချိန်အထိ သုတေသနဌာနသည် ဆေးဝါးအမျိုးအစား ၆၆ မျိုးကို အောင်မြင်စွာစမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီး ယခုတီထွင်မှုများ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်ရရှိရုံသာမက ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ခဲ့၍ ပြည်တွင်းထုတ်လုပ်မှုကိုအားကောင်းစေပြီး ပြည်ပမှတင်သွင်းမှုအပေါ်မှီခိုမှုကိုလျှော့ချနိုင်ခဲ့ကြောင်း၊ ဆေးဝါးအမျိုးအစားသစ်ခြောက်မျိုးဖြစ်သည့် ဆီးချိုရောဂါကုသဆေးနှစ်မျိုး၊ အိတ်ချ်အိုင်ဗွီ(HIV)ရောဂါကုသဆေးတစ်မျိုး၊  အရိုးအကြောအဆစ်ရောဂါ ကုသဆေးတစ်မျိုး၊ ကင်ဆာရောဂါကုသဆေးတစ်မျိုး၊ မေ့ဆေးတစ်မျိုးတို့ကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ရှိ သုတေသနဌာန၌ ကျင်းပသည့် ဆေးဝါးအမယ်သစ်ခြောက်မျိုးအား  သုတေသနပြုစမ်းသပ်၍  အောင်မြင်ခဲ့သည့်အတွက်ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားမှသိရသည်။

         အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက  ယခုလိုစမ်းသပ်အောင်မြင်မှုသည် ပြည်သူ့ကျန်းမာရေးအတွက်ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊  စမ်းသပ်အောင်မြင်ခဲ့သော ဆေးဝါးခြောက်မျိုးနှင့်ပတ်သက်သည့် ရောဂါဝေဒနာခံစားနေရသော လူနာများအတွက် ဘေးကင်းလုံခြုံပြီး အရည်အသွေးမြင့်ချိုသာသော ဈေးနှုန်းဖြင့်ဆေးဝါးများရရှိခြင်းသည် တန်ဖိုးဖြတ်၍မရသော အကျိုးကျေးဇူးတစ်ရပ်ဖြစ်ကြောင်း၊ ဆေးဝါးများကိုပြည်တွင်း၌ပင်ထုတ်လုပ်နိုင်ခြင်းကြောင့် မိမိတို့၏ပြည်သူများသည် အချိန်မီကုန်ကျစရိတ်သက်သာစွာ ယုံကြည်စိတ်ချရသော  ကုသမှုကိုရရှိနိုင်မည်ဖြစ်ပြီး ပြည်ပဆေးဝါးများအပေါ်မှီခိုမှုကြောင့်ဖြစ်ပေါ်လေ့ရှိသော ငွေကြေးအခက်အခဲများကိုလည်းသက်သာစေနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်ပိုမိုကောင်းမွန်သော ဆေးဝါးအမျိုးအစားသစ်များကို ဆက်လက်တီထွင်ထုတ်လုပ်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း  တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးအမယ်သစ်ခြောက်မျိုးကိုအောင်မြင်စွာစမ်းသပ်ဆောင်ရွက်ခဲ့သည့် ပညာရှင်များအားဂုဏ်ပြုမှတ် တမ်းလွှာများပေးအပ်၍ သုတေသနဌာနအတွင်း ဆေးဝါးအမယ်များထပ်မံထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် စက်မှုကဏ္ဍနှင့် MSME များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မျိုးဆက်သစ်လူငယ်များပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာတက္ကသိုလ်(ရန်ကုန်)တွင်  အင်ဂျင်နီယာပညာရပ်များကို တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊  ကျောင်းသူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားသည်။

ထို့ပြင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများက သံမဏိများထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ သံမဏိများထုတ်လုပ်နေမှု၊ ဆေးဝါးများထုတ်လုပ်နေမှုအခြေအနေတို့ကိုဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ မြဝတီ

Leave a Reply

Your email address will not be published. Required fields are marked *