အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့ရှိ ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရုံးများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ဩဂုတ်လ ၁၃ ရက်တွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး အမိုးလဲလှယ်နေမှု၊ မြို့နယ်ဦးစီးမှူးရုံး၊ အဆောက် အအုံနံရံများနှင့် ပြတင်းတံခါးများပြင်ဆင်နေမှု၊ မြို့နယ်အခွန်ဦးစီးဌာနရုံး၊ ကြမ်းခင်းများ ပြန်လည်ပြုပြင်နေမှု၊ မြို့နယ်သမဝါယမဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာ အမိုးနှင့်ကြမ်းခင်းများ ပြန်လည်ပြုပြင်နေမှုနှင့်ရုံးအဆောက်အအုံ အမိုးများလဲလှယ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်မှာကြားသည်။
အလားတူ တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အအုံ၊ မြို့မရဲစခန်းအဆောက်အအုံနှင့်ဝန်ထမ်းအိမ်ရာခြောက်ခန်းတွဲ နှစ်ထပ်၊ မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနပိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းစားရိပ်သာအဆောက်အအုံ၊ တီးတိန်မြို့ ခုတင်-၁၀၀ ဆံ့ပြည်သူ့ဆေးရုံ အဆောက် အအုံ ပြတင်းတံခါးမှန်များပြင်ဆင်နေမှုနှင့်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မြို့တွင်းမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့အတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအတွင်းရေးမှူးသည် တစ်စိတ်တစ်ပိုင်းပြုပြင်ရမည့်နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနည်းပြအိပ်ဆောင်၊ ခုတင်-၅၀ ဆံ့ပြည်သူ့ဆေးရုံ၊ မြို့နယ်လျှပ်စစ်ရုံးပြုပြင်ခြင်းနှင့် မြို့နယ်ဥပဒေရုံးပြုပြင်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ မြဝတီ
