တရုတ်နဲ့ အင်ဒိုနီးရှားမှရေတပ်များပူးပေါင်းပြီး ထိုင်ဝမ်ကျွန်းအရှေ့ဘက်ရေပြင်မှာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို ယခုလလယ်ပိုင်းမှာပြုလုပ်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ရေးလေ့ကျင့်စဉ် နှစ်နိုင်ငံ ရေတပ်များမှ ဖရီးဂိတ်စစ်သင်္ဘောတွေကြား ဆက်သွယ်ရေးလေ့ကျင့်မှုတွေနဲ့ ပင်လယ်ပြင်မှာရိက္ခာနဲ့ လောင်စာဆီဖြည့်တင်းတဲ့ လုပ်ငန်းအပါအဝင် လေ့ကျင့်ခန်းများစွာကို ပြုလုပ်သွားမှာဖြစ်ပါတယ်။အခုလို စစ်ရေးလေ့ကျင့်တာကနှစ်နိုင်ငံရေတပ်များကြား ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကအရင်ကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းမှ ဒီဇင်ဘာလဆန်းပိုင်းအထိ နှစ်နိုင်ငံမှ ကြည်း၊ ရေ၊ လေတပ်ဖွဲ့အသီးသီးပါဝင်တဲ့ ပူးတွဲလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနဲ့သဘာဝဘေးကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အခုပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုကအလွန်အရေးပါကာ ထူးခြားမှုရှိတယ်လို့လေ့လာသူများကသုံးသပ်ထားပါတယ်။ Ref: Xinhua
