ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA လာရောက်ဂါရဝပြုတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ဩဂုတ်လ ၁၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေး သွားမည့်အခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦများဆောက်လုပ်ခြင်း ဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင် ရွက်ပေးသွားမည့်အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *