(၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ကျောက်တံတားမြို့နယ်ရှိ ဝဇီရာ ဂုဏ်ပြုခံ ကဇာတ်ရုံတို့၌ကျင်းပသည်။
နံနက်ပိုင်းတွင်(၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်တာဝန်ရှိသူများက (၁၀၆)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရုပ်ရှင်အစည်းအရုံးဝင်းအတွင်းနိဗ္ဗာန်စျေးပွဲတော်အဖြစ် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် (၄၉)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို ဒုတိယဝန်ကြီးက ပေးအပ်ရာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းက လက်ခံရယူသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို)နှင့်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ငွေကျပ် ၁၅ သိန်း၊ Hey Play App မိသားစုမှ ငွေကျပ်သိန်း ၄၅၀၊ Forever Group (MRTV-4)မှ ငွေကျပ် ၁၀၄ သိန်း၊ Sky Net မိသားစုမှ ငွေကျပ် ၆၅ သိန်း၊ မင်္ဂလာရုပ်ရှင် မိသားစုမှ ငွေကျပ် ၃၉ သိန်း ၊ CB Bank မှ ငွေကျပ်သိန်း ၃၀၀၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ၃၉ သိန်းနှင့် သရုပ်ဆောင်မြတ်ရတနာကျော်မှ ငွေကျပ် သိန်း ၅၀ တို့ကို ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက မုဒိတာစကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ရုပ်ရှင်သက်ကြီးပညာရှင်များအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ရုပ်ရှင်သက်ကြီးပညာရှင် ဒေါ်မြင့်မြင့်ခင်က ဆုတောင်းမေတ္တာစကားပြောကြားကြောင်း သိရသည်။
