တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းပွဲကျင်းပ

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိကာရာမအုန်းတောကျောင်းတိုက်၌ ပြုလုပ်ရာ နေပြည်တော်  ဥပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယ ပုဗ္ဗသီရိမြို့ အောင်စည်သာ ပရိယတ္တိစာသင်တိုက်  ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များတက်ရောက် ကြသည်။ 

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယ ပုဗ္ဗသီရိမြို့ အောင်စည်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို  နာကြားကြသည်။

ထို့နောက် ဆရာတော်များထံ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး သိန်းထူး၊ ဒုတိယစစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ်မျိုးအောင်လတ်နှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသောဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးများအား  အောင်စည်သာ ပရိယတ္တိစာသင်တိုက်  ပဓာနနာယက ဆရာတော်နှင့် ဆရာတော် သံဃာတော်များထံ စစ်ရေးချုပ်မှဦးဆောင်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိကြီးများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။ 

ဆက်လက်၍ ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက အသီးသီးပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဇဝနတိက္ခထံမှ သာဓုအနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၃၄၉  သိန်း ၈  သောင်း ၂ ထောင်ကျပ်၊  ဆန်  ၁၀၉၉ အိတ်၊ ဆီ ၃၇၃  ပိဿာ၊ ဆား ၃၀၃၀ ပိဿာ၊ ပဲ ၃၀၃၀ ပိဿာ၊ တိုင်းရင်းဆေးမျိုးစုံ  ၁၆၂၆ ဘူး၊ နိုင်ငံခြားဆေးမျိုးစုံ ၂ ခြင်းတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။   

Leave a Reply

Your email address will not be published. Required fields are marked *