နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များနှင့် ခရိုင်အားကစားကွင်းအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများသွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် မအူပင်မြို့တို့ရှိ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဟင်္သာတခရိုင် အေးမြသာယာ ပြည်သူ့အားကစားကွင်း

ဦးစွာ  နိုင်ငံတော်သမ္မတသည်  ဟင်္သာတမြို့ရှိ  ဟင်္သာတခရိုင် အေးမြသာယာ  ပြည်သူ့အားကစားကွင်းသို့ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဟင်္သာတခရိုင်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားသမားများ အဆင့်မီမီကစားနိုင်ရေး၊ ပွဲကြည့်ပရိသတ်များအဆင့်မီမီ ကြည့်ရှုနိုင်ရေးအတွက် ပွဲကြည့်စင်နှင့်မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး စနစ်တကျတွက်ချက်တင်ပြဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ 

ဟင်္သာတတက္ကသိုလ်

ယင်းနောက် ဟင်္သာတတက္ကသိုလ်သို့ ရောက်ရှိကြပြီး တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်ပင်မစာသင်ဆောင် သို့ရောက်ရှိရာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် များအပေါ် တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ်သန့်ရှင်း သာယာလှပမှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းလုပ်ငန်းများ  ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)

ထို့နောက် နိုင်ငံတော်သမ္မတသည် မအူပင်မြို့သို့ရောက်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)သို့ ရောက်ရှိရာ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆို ကြသည်။

ဆက်လက်‌၍ တက္ကသိုလ်ရှင်းလင်းဆောင်ခန်းမတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေမျိုးအောင် တို့က တက္ကသိုလ်ဆိုင်ရာသမိုင်းအကျဉ်း၊ ပညာသင်နှစ်အလိုက် ကျောင်းသားလက်ခံနိုင်မည့် အင်အားလျာထားချက်၊ လက်ရှိတွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ မွေးမြူရေးသိပ္ပံဘွဲ့တို့ကိုချီးမြှင့်သွားမည်ဖြစ်ပြီး နောင်တွင် ဘွဲ့လွန် ဒီပလိုမာ၊ မဟာသိပ္ပံ၊ ပါရဂူဘွဲ့များအထိ သင်ကြားချီးမြှင့်ပေးသွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံတော်အကြီးအကဲ တက္ကသိုလ်သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှု၊ သင်ကြားရေးဆိုင်ရာနှင့်ပတ်သက်၍ တက္ကသိုလ်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် ဆိုင်ရာများ၊ တက္ကသိုလ်၏ဖွဲ့စည်းပုံနှင့်ဝန်ထမ်းခန့်အပ်ထားရှိမှု၊ ပညာသင်နှစ်အလိုက် ကျောင်းတက်ရောက်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ ကျောင်းသား များ တက်ရောက်မှု၊ သုတေသန နယ်ပယ် အလိုက်ဆောင်ရွက်သွားမည့်အစီအမံများ၊ တက္ကသိုလ်၏ အခြေခံအဆောက်အဦဆိုင်ရာ လိုအပ်ချက်များ၊ စိုက်ပျိုးရေးဘာသာရပ် လက်တွေ့စိုက်ကွင်းများနှင့် သုတေသနဆောင်ရွက်မှုများ၊ မွေးမြူရေးဘာသာရပ် သရုပ်ပြမွေးမြူရေးခြံများနှင့် လက်တွေ့ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်မှုများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြကြကာ မအူပင်ခရိုင်အုပ်ချုပ် ရေးမှူး ဦးကျော်သက်ခိုင် က မအူပင်မြို့သို့ နိုင်ငံတော်အကြီးအကဲ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဖြည့်စွက်မှာကြား

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံ‌တော်သမ္မတက စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ မဟာဘွဲ့သင်တန်းများ သင်ကြားပေးနိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပြီးမှသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်သဖြင့် အရည်အချင်းနှင့် ထူးချွန်ထက်မြက်သည့် သင်တန်းဆင်းပညာရှင်များ ထွက်ပေါ်လာစေရေး၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များ ထွက်ပေါ်လာစေရေး စနစ်တကျ သင်ကြားလေ့ကျင့်ပေး သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အရေအတွက်များများ သင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများ ပေါ်ထွက်ရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တက္ကသိုလ်အတွင်း အခြေခံအဆောက်အဦ လိုအပ်ချက်များနှင့်ပတ်သက်၍ နှစ်အလိုက် စနစ်တကျလျာထား၍ တည်ဆောက်ရေးလုပ်ငန်းများကို နှစ်စဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို အောက်မြန်မာပြည်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အောက်မြန်မာပြည်တွင် အဓိကစိုက်ပျိုးဖြစ်ထွန်းသည့်သီးနှံများနှင့် ပတ်သက်၍ အထူးကျွမ်းကျင်သည့် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန်လို ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော နည်းလမ်း ၄ သွယ်ဖြင့် စနစ်တကျ ဆောင်ရွက်သွားကြရန်လိုပြီး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေးဆောင်ရွက်ပေးရမည်၊ မြေကိုစနစ်တကျပြုပြင်ပေးရမည်၊ စိုက်ပျိုးရေနှင့် အောင်ရေများရရှိစေရေး ရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များကို မည်ကဲ့သို့အကျိုးရှိ အောင်ရယူအသုံးချရမည်၊ စိုက်နည်းစနစ်များမှန်ကန်ရမည်ဖြစ်ကြောင်း၊ အဆိုပါနည်း လမ်းများနှင့်ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေး စနစ်တကျဖြင့် သင်ကြား လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ရေကိုအကျိုးရှိစွာအသုံးချနိုင်ရန်အတွက် ရေပေးဝေခြင်းစနစ်များကို ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျသင်ကြားပေးရန်လိုပြီး တက္ကသိုလ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အမှန်တကယ်လိုအပ်ပြီး လက်တွေ့ကျသည့် စိုက်ပျိုးရေးပညာရပ်များကို သင်ကြားပေးရန်လိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး ဟူ၍ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြက်၊ ဘဲ၊ ဝက်၊ နွားနှင့် ငါးတို့ကို အဓိမွေးမြူကြသည်ကို တွေ့မြင်ရ ကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ရေခံမြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး မွေးမြူ ရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုရှိအောင် အကျိုးပြုနိုင်သည့် မွေးမြူရေးပညာရှင်များကို မွေးထုတ်ပေးသွားရန်လိုကြောင်း၊ ငါးမွေးမြူရာတွင် ရေငန်နှင့် ရေချိုဟူ၍ နှစ်မျိုးရှိပြီး အခြားတိုင်းဒေသကြီးများတွင် ရေငန်နှင့် ရေချိုငါးများကို မည်ကဲ့သို့ မွေးမြူမည်ကို သင်ကြားပေးရန်လိုကြောင်း၊ ဒေသန္တရကြက် အပါအဝင် အသားစား ကြက်နှင့် ဥစားကြက်များ နည်းစနစ်တကျမွေးမြူသည့်    ပညာရပ်များကိုသင်ကြားပေးရန်လိုသကဲ့သို့   ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း သင်ကြား ပေးရန်လိုကြောင်း၊ စာတွေ့နှင့် လက်တွေ့များကို အဓိကသင်ကြားပေးရန်လိုကြောင်း၊ နောင်အခြေအနေပေးပါက ရွှေဘိုမြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေးသိပ္ပံများကိုလည်း ကောလိပ်အဆင့်သို့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကောလိပ်အဆင့်သို့ ဆက်လက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးဘာသာရပ်သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများ များပြားလာစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်သွားကြစေလိုကြောင်း။

တက္ကသိုလ်အတွက် မဖြစ်မနေလိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေး ဆရာ၊ ဆရာမများအတွက် အဆောက်အဦများကို စနစ်တကျတည် ဆောက်သွားကြရန်လိုကြောင်း၊ ကျောင်းအတွက်လိုအပ်သည့် စာသင်ဆောင်များ၊ စာကြည့်တိုက်များနှင့် ဓာတ်ခွဲခန်းများကို မဖြစ်မနေတည်ဆောက်သွားရန်လိုကြောင်း၊ တက္ကသိုလ်၏ အငွေ့အသက်ဖြင့် တက္ကသိုလ်ပညာကိုသင်ကြားနိုင်ရေးဆောင်ရွက်ပေး ကြရန်လိုပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးမြောက်၍ တက္ကသိုလ်ပညာ လာရောက် သင်ကြားကြသူများသည် လူလားမြောက်သည့်အရွယ်များ၊ အသက်အရွယ်တူညီကြ သူများဖြစ်ကြကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက်ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုကြောင်း၊ စာသင်ဆောင်များ စနစ်တကျရှိရန်၊ အိပ်ဆောင်များစနစ်တကျ ရှိရန်နှင့် စားသောက်ရန်နေရာများ စနစ်တကျရှိရန် တာဝန်ရှိသူများမှ စေတနာထား  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာသင်ကြားပြီးဆုံးချိန်တွင် လူမှုအသိုင်းအဝိုင်းအတွင်းသို့ ဝင်ရောက်ပြီး လုပ်ငန်းခွင်သို့ဝင်ရောက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များမှ ဘွဲ့ရရှိသူများကို တင်စားပြောရမည်ဆိုပါက မန်နေဂျာများ မွေးထုတ် ပေးခြင်းပင်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ဘွဲ့ရရှိကြသူများကို ဦးစီးအရာရှိနှင့် ဦးစီးမှူး ရာထူးများကို တာဝန်ပေးအပ်ကြခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများတွင် မန်နေဂျာများ သည် လုပ်ငန်းများ၏ အဓိကနေရာများတွင် ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ယူဆောင်ရွက်ကြခြင်းဖြစ်ကြောင်း။

ထို့ကြောင့် တက္ကသိုလ်ပညာသင်ကြားချိန်တွင် အခြေခံကောင်းများ ရရှိစေရေး သင်ကြားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများသည်လည်း ကောင်းမွန်သည့်အသိုင်းအဝိုင်းတွင် ကျင်လည်ခဲ့ရသူများဖြစ်ပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကောင်းမွန်သည့် အသိုင်းအဝိုင်းကို ဖန်တီးနိုင်ကြမည်ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်ပြီး တော်သည့်၊ ကောင်းသည့် လူငယ်များဖြစ်အောင် သင်ကြားပြသပေးကြရန်လိုကြောင်း၊ တက္ကသိုလ်မှ ကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဆိုပါက ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ဘာသာရပ်ကို သင်ကြားကြသည်ဖြစ်စေ ဘာသာရပ်အလိုက် တော်သည့် လူငယ်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လူတိုင်း အဆင့်တစ် မဖြစ်နိုင်သော်လည်း တော်သည့်တတ်သည့် လူငယ်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်တွင် ကျောင်းသားနှင့် ဆရာအချိုးမှာ ကိုက်ညီမှုရှိသဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားကြစေလိုကြောင်း၊ လက်တွေ့စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နှစ်ရှည်ပင်အတွက် ရာဘာနှင့် သရက်ကို အဓိကထားဆောင်ရွက်ကြစေလိုကြောင်း၊ ယခုတက္ကသိုလ်မှ မဟာတန်းဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား ကြရန်လိုကြောင်း။

မအူပင်ခရိုင်နှင့်ပတ်သက်၍ မအူပင်ခရိုင်အတွက် လိုအပ်သည့် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးရန်လိုကြောင်း၊ ခရိုင်အတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် စပါး၊ ပဲ၊ ပဲပုပ်နှင့် နေကြာစိုက်ပျိုးခြင်းများကို အထွက်နှုန်းပိုမိုကောင်းမွန်ပြီး အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု တက္ကသိုလ်နှင့်ပူးပေါင်း၍ စိုက်ပျိုးမြေများစနစ်တကျရှိစေရေး အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျ ဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရေကြီးကွင်းနှင့် ရေနက်ကွင်းများကို စနစ်တကျကွင်းဆင်း သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းနေရာများတွင် ငါးကန်များနှင့် လယ်ယာမြေများကို စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက ငါးပုစွန်မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ   ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

ဒေသအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ဘာသာရပ်များအား  မအူပင်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်တွင် ကျောင်းသား‌၊ ကျောင်းသူများအား အသိပညာပေးအဖြစ် သင်ကြားပေးသွားရန်လိုကြောင်း၊ သစ်ပင်များ ခုတ်ထွင်ခြင်းကြောင့် လေမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို ပိုမိုခံရနိုင်ကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းအတွင်း သစ်ပင်သစ်တောများ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ လေကာပင်များ ဖြစ်သည့် အုန်းပင်များ၊ လမုတောပင်များနှင့် မန်ဂျန်ရှားပင်များအပါအဝင် အခြားသစ်ပင်များကို စိုက်ပျိုးဆောင်ရွက်သွားကြရန်လိုကြောင်း၊ သစ်ပင်များရှိမှသာ လေမုန်တိုင်း ဒဏ်များကိုခံနိုင်မည်ဖြစ်ကြောင်း၊ လူ၏ကြိုတင်ပြင်ဆင်မှုဖြင့် သဘာဝဘေးဒဏ်ကို ထိုက်သင့်သလောက်ကာကွယ်နိုင်ကြောင်း၊ ထို့ကြောင့် လေကာသစ်ပင်များကို အတန်းလိုက် မဖြစ်မနေစိုက်ပျိုး သွားကြရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများမဖြစ်စေရေးအတွက် ရေစီးဆင်းမှုများ ကောင်းမွန်စေရေး မြစ်ချောင်းများအတွင်းဖြစ်ပေါ် လျက်ရှိသည့် သဲ့သောင်များအား ရှင်းလင်းသွားရန်လိုကြောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ချောင်း၊ မြောင်းများတွင် ပိတ်ဆို့မှုများမရှိစေရေး၊ ချောင်းများ၊ မြောင်းများ တိမ်ကောခြင်း မဖြစ်စေရေး ရှင်းလင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားကြရန် လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက်   နိုင်ငံတော်သမ္မတသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)ပရိဝုဏ်နှင့် ကျောင်းဆောင်သစ်တည်ဆောက်နေမှုများအား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျဖြစ်စေ ရေးတာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။

နည်းပညာတက္ကသိုလ်(ပုသိမ်) နှင့် ပုသိမ်တက္ကသိုလ်

အလားတူ နိုင်ငံတော်သမ္မတသည် ဩဂုတ်လ ၈ ရက်နေ့ကလည်း နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် ပုသိမ်တက္ကသိုလ်တို့သို့ သွားရောက်၍ တက္ကသိုလ်ပုရဝုဏ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို တက္ကသိုလ်အဆင့်နှင့်လျော်ညီသည့် သန့်ရှင်းသာယာလှပမှုများဖြစ်စေရေး ဆောင်ရွက်ရန်၊ တက္ကသိုလ်အတွင်း အုံ့ဆိုင်းလျက်ရှိသည့် သစ်ပင်ကြီးများအား အလင်းဖွင့် ခုတ်ထွင်ရှင်းလင်းခြင်းများဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *