နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလက်ခံယုံကြည်လာသည့် KIA ၊ KNU ၊ AA ၊ ABSDF ၊ SAF နှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များနှင့် အကြမ်းဖက်အဖွဲ့အစည်းအသီးသီးမှအဖွဲ့ဝင် အမျိုးသား ၂၈၀ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၃၀၃ ဦးတို့သည် ဥပဒေ ဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်အောင်မြင်ခန်းမ၌ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MA -1 အမျိုးအစား သေနတ် ၂ လက်၊ MA -2 အမျိုးအစား သေနတ် ၁ လက်၊ MA -3 အမျိုးအစား သေနတ် ၁ လက်၊ MA -4 အမျိုးအစား သေနတ် ၁ လက်၊ M-22 အမျိုးအစား သေနတ် ၁ လက်၊ Type 81 အမျိုးအစား သေနတ် ၂ လက်၊ ပွိုင့် ၂၂ စနိုက်ပါ အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးကလက်ခံရယူသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် သေနတ် ၉ လက်အတွက်ဆုကြေးငွေကျပ် သိန်း ၄၅၀၊ လက်လုပ်သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ လက်ပစ်ဗုံး ၁၀ လုံးအတွက် ဆုကြေးငွေကျပ် သိန်း ၃၀၊ ဗုံးသီး ၁၂ လုံးအတွက် ဆုကြေးငွေကျပ် ၃၆ သိန်းနှင့်လက်နက်မပါဘဲ ဥပဒေဘောင်အတွင်းရောက်လာသူများအတွက် ငွေကျပ်သိန်း ၂၉၁ ၊ စုစုပေါင်း ဆုကြေးငွေ ကျပ် ၇၈၂ သိန်းနှင့် စာသောက်ဖွယ်ရာများကိုထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများကလက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။
ယနေ့အခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၄)ဦး၊ မဟာအောင်မြေမြို့နယ်မှ အမျိုးသား(၂)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၄၃)ဦး၊ အမျိုးသမီး(၈)ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား(၂)ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား(၂)ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၂)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၂)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား(၂)ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား (၈၇)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၃၆)ဦး၊ အမျိုးသမီး(၂)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၄)ဦး၊ မိုးမိတ်မြို့နယ်မှအမျိုးသား(၄)ဦး၊ မိုးကုတ်မြို့နယ်မှအမျိုးသား(၁)ဦး၊ ညောင်ဦးမြို့နယ်မှအမျိုးသား (၃)ဦး၊ အမျိုးသမီး (၁)ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား(၂)ဦး၊ မြင်းခြံမြို့နယ်မှအမျိုးသား(၁၂)ဦး၊ ချောက်မြို့နယ်မှအမျိုးသား (၅)ဦး၊ စေတုတ္တရာမြို့နယ်မှအမျိုးသား(၆)ဦး၊ ပွင့်ဖြူမြို့နယ်မှအမျိုးသား(၃)ဦး၊ မင်းလှမြို့နယ်မှအမျိုးသား(၂)ဦး၊ မင်းတုန်းမြို့နယ်မှအမျိုးသား(၁)ဦး၊ ပခုက္ကူမြို့နယ်မှအမျိုးသား(၂၁)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း အမျိုးသား(၂၈၀)ဦးနှင့် အမျိုးသမီး (၂၃)ဦး၊ စုစုပေါင်း (၃၀၃)ဦး ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကိုလက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့် အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက်ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-

“သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုနဲ့ အိမ်က အဆင်မပြေမှုတွေကြောင့် ရောက်သွားတာ ပေါ့။ အဲဒီအဖွဲ့အစည်းမှာ ကျွန်တော် သင်တန်းနှစ်ပတ်တက်ခဲ့ရပါတယ်။ အဖွဲ့အစည်းမှာမနေချင်တော့တဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့ကို ရှေ့တန်းမှာ အသေခံပုံစံမျိုးကြီးထားထားတာ။ ဘယ်လိုပဲဖြစ်နေနေ ကျွန်တော်တို့သေသူတို့မသေရင်ပြီးတာပဲ။ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ကိုထားထားတယ်။ သေနတ်ကိုလည်း မကောင်းတဲ့ GUN နဲ့ကောင်းတဲ့ GUN ဆို မကောင်းတဲ့ GUN က သုံးလက်လောက်နဲ့ ကောင်းတဲ့ GUN က တစ်လက်လောက်ပဲ ပေးထားတယ်။ ရွာထဲကို သွားပြီးတော့ သောက်လိုက်၊ စားလိုက်၊ ပျော်လိုက်၊ ပါးလိုက်နဲ့။ ကျွန်တော်တို့ဆီမှာကျတော့ ဘာပျော်ရွှင်မှု ဘာလွတ်လပ်ခွင့်မှမရှိဘူး။ နောက်ပြီးတော့ ခေါင်းဆောင်ပိုင်းတွေ ရှိတယ်။ အလှူခံ အလှူခံဆို သူတို့အိတ်ထဲကိုထည့်တယ်။ သူတို့မိန်းမတွေဆီ လွှဲပေးတယ်။ သူတို့သားသမီးတွေ ကောင်းစားဖို့အတွက် လုပ်နေတာ။ တန်းစီကွင်းထဲရောက်တိုင်းလည်း အမြဲတမ်းပြောတယ်။ တပ်မတော်ဘက်ကိုသွားရင် နင်တို့ကိုညှဉ်းပန်းနှိပ်စက်မယ်၊ သတ်မယ်၊ အရှင် လတ်လတ် မီးရှို့တာတွေရှိတယ်။ ကျွန်တော်အခုရောက်တော့ အဲလိုမဟုတ်ဘူး။ တပ်မတော်ဘက်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုတယ်၊ နေစရာ ထိုင်စရာပေးတယ်၊ စားစရာပေးတယ်၊ ထောက်ပံ့တယ်၊ မိဘထံပြန်အပ်နှံပေးတယ်။ တောထဲမှာကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေလည်း အမြန်ဆုံးတပ်မတော်နဲ့ပူးပေါင်းပြီး အလင်းဝင်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်”ဟုပြောသည်။

“ညီမ ဒီထဲကို စရောက်တာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ စရောက်တာပါ။ သူငယ်ချင်းကဒီထဲကို လာခဲ့ဖို့ခေါ်တော့ ကျွန်မလည်း အဆင်ပြေပြေနဲ့ဆိုတော့ ရောက်သွားတယ်။ ရောက်သွားတော့ ကျွန်မအဲမှာ တစ်လ သင်တန်းတက်ခဲ့ရတယ်။ တစ်လ သင်တန်းတက်ခဲ့ပြီး ကျွန်မတို့ကိုပေါ့နော် စားဖိုမှာ တာဝန်ထမ်းဆောင်ခိုင်းတယ်။ ကျွန်မတို့ စားဖိုကို တစ်ပတ်တစ်ခါ အသီးအရွက်နဲ့ ဆန်ရိက္ခာတွေလာပို့တယ်။ လာပို့တဲ့အချိန်မှာ ကျွန်မတို့ကို ထမင်းတစ်နေ့ကို နှစ်နပ်စာပဲစားရတယ်။ တစ်ခါတလေကျလို့ရှိရင် ခရမ်းချဉ်သီးတစ်ခွက်နဲ့လည်း ကျွန်မတို့စားခဲ့ရတယ်ပေါ့။ ဒုက္ခတွေလည်း အများကြီး ကြုံခဲ့ရတယ်။ စားဖိုဝင်ပြီး နောက်ပိုင်းကျတော့ ကျွန်မတို့ကိုထောက်ပို့ထီရောင်းခိုင်းတယ်ပေါ့။ ရွာတွေမှာ ထောက်ပို့ထီရောင်းရတယ်။ အစပိုင်းကတော့ ပြည်သူတွေက ကျွန်မတို့ကို ကြည်ဖြူတယ်။ နောက်ပိုင်းကျတော့ ကျွန်မတို့ကို မကြည်ဖြူတော့ဘူး။ ထီရောင်းမယ်ဆိုလို့ရှိရင် ထောက်ပို့ထီလေးအားပေးပါဦး ညီမတို့ကပြောလို့ရှိရင်တောင် “သွားသွားမလာနဲ့၊ နင်တို့ကို လက်မခံတော့ဘူး၊ နင်တို့ထီတွေလည်း အားမပေးချင်တော့ဘူး” ဆိုပြီး ပြောခဲ့တယ်ပေါ့။ ညီမတို့ ထောက်ပို့ထီတွေ ရောင်းလို့ရတဲ့ ငွေတွေကျတော့ပေါ့နော် သူတို့အကြီးပိုင်းတွေကို အကုန်လုံးပြန်အပ်ရတယ်ပေါ့။ အဲဒီရတဲ့ ငွေတွေကလည်း ဘယ်နေရာမှာ ဘယ်လိုသုံးတယ်ဆိုတာလဲ ညီမတို့ကို မပြောခဲ့ဘူး။ ဒါပေမဲ့ သူတို့ကတော့ အမြဲတမ်း KTV သွားတယ်၊ ဘီယာဆိုင်ထိုင်တယ်။ သူတို့ ကိုယ်ကျိုးအတွက်ပဲ အမြဲတမ်းရှိတာပေါ့။ အောက်က ရဲဘော်တွေဖြစ်ချင်သလိုဖြစ်၊ နေချင်သလိုနေ သူတို့ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပိုဆိုးလာ ခဲ့တယ်ပေါ့။ အဲဒီအချိန်မှာ ညီမကဒီထဲမှာ မနေချင်တော့တဲ့အတွက် ထွက်ပြေးလာခဲ့တာ။ ပြီးတော့ ညီမတို့ အဲဒီထဲမှာနေခဲ့ရတဲ့ နှစ်နှစ်တာကာလအတွင်းမှာ ညီမတို့အတွက် အသက်အာမခံဆိုတာမရှိခဲ့ဘူး။ ညီမတို့အတွက် လုံခြုံရေးဆိုတာလည်းမရှိခဲ့ဘူး။ ဘယ်အချိန် ကိုယ့်ကိုဘယ်လိုလုပ်မလဲဆိုတာပဲ သူတို့ကိုတွေးပြီးတော့ ကြောက်နေရတာပေါ့။ အဲဒီအချိန်မှာ ညီမက ဒီထဲမှာသူငယ်ချင်းတွေကလည်း အလင်းဝင်သွားတဲ့သူတွေရှိတဲ့အတွက် အလင်းလာပြီးတော့ ဝင်ရောက်တာပါ။ ညီမကတော့ တောထဲမှာ ကျန်ခဲ့တဲ့သူငယ်ချင်းတွေကိုလည်းပြောချင်ပါတယ်။ သူတို့ပြောသလိုမျိုးပေါ့နော် ဒီထဲကိုအလင်းလာဝင်လို့ရှိရင်လည်း သတ်ဖြတ်ပြီးတော့ နှိပ်စက်နေတာမဟုတ်ပါဘူးလို့။ ထင်သလိုမျိုးတစ်ခုမှမဟုတ်ပါဘူး။ အကုန်လုံးက မောင်နှမတွေလို နွေးနွေးထွေးထွေးနဲ့ ကြည်ကြည်ဖြူဖြူနဲ့ ညီမတို့ကို အစား အသောက်အနေအထိုင်ကအစ အကုန်လုံး ပြည့်စုံအောင်ထားခဲ့တာပေါ့။ အဲဒါကြောင့်မို့ တောထဲမှာနေတဲ့ PDF တွေ အကုန်လုံးကို ဒီမှာအလင်းလာရောက်ဝင်စေချင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
