အမေရိကန်ရေတပ်မှလေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Abraham Lincoln က လာမယ့်သီတင်းပတ်ကျရင် ထိုင်းနိုင်ငံမှာဆိုက်ကပ်မှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူများက ဩဂုတ်လ ၂၅ ရက်မှာပြောပါတယ်။
USS Abraham Lincoln ဟာအရှေ့အလယ်ပိုင်းဒေသမှာ စစ်ဆင်ရေးဝင်နေတာဖြစ်ပြီး ရက်ပေါင်းများစွာကြာစစ်ဆင်ရေးဝင်ရတဲ့အတွက် စစ်သည်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာစိုးရိမ်ရတဲ့အခြေအနေတွေကို ရင်ဆိုင် နေကြရတာဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ဘယ်ဆိပ်ကမ်းကိုမှ ဆိုက်ကပ်ရပ်နားခြင်းမရှိဘဲ ပင်လယ်ပြင်မှာရက်ပေါင်း၂၀၀ ကျော်ကြာဆက်တိုက် စံချိန်တင်စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့တာပါ။
အခုတော့ အရှေ့အလယ်ပိုင်းမှပြန်လည်ထွက်ခွာလာနေပြီဖြစ်တဲ့USS Abraham Lincoln ဟာ ထိုင်းနိုင်ငံအရှေ့တိုင်းမှာဆိုက်ကပ်ရပ်နားပြီး စစ်သည်များအနားယူကာ အပန်းဖြေနိုင်စေရေးကိုသာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ဘယ်လိုစစ်ရေးလေ့ကျင့်မှုမှ လုပ်ဆောင်မှာမဟုတ်ကြောင်း ထိုင်းရေတပ်မှပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။
အရှေ့တောင်အာရှကုန်းတွင်းပိုင်းဒေသမှာဆိုရင် အမေရိကန်နိုင်ငံအတွက် စာချုပ်ချုပ်ထားတဲ့တစ်ခုတည်းသော မိတ်ဖက်နိုင်ငံက ထိုင်းနိုင်ငံဖြစ်ပြီး သူတို့နှစ်နိုင်ငံကြားမှာလည်း စစ်ရေးအရဆက်ဆံရေးက ခိုင်မာနေတာတွေ့ရပါတယ်။ Ref: ST
