တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်ဆန္ဒပြုလာပါက ဆောင်ရွက်ပေးလျက်ရှိ

တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို ပြည်တွင်းပြည်ပအလုပ်အကိုင်များ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများအား အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအစည်းအဝေးမှသိရသည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပသို့အလုပ်သမားစေလွှတ်ခြင်းများကို ပိုမိုမြန်ဆန်စေရေးအတွက် မလိုအပ်သည့် လုပ်ငန်းစဉ် များကို ဖြေလျှော့ဆောင်ရွက်ပေးခြင်း၊ ပိုမိုကောင်းမွန်သည့် ပြည်ပလုပ်သားဈေးကွက်ရရှိစေခြင်းနှင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်မှု ပိုမိုရရှိစေခြင်းများကို အလေးထား ဆောင်ရွက်လျက်ရှိသလို ပြည်တွင်း၌လည်း လုပ်သားအင်အားဆုံးရှုံးမှုမရှိစေရေးကို ကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။ 

ဆက်လက်၍  ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ကော်မတီကချမှတ်ပေးထားသော လုပ်ငန်းစဉ်များ အောင်မြင် အောင် ဝန်ကြီးဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် အကြံပြုချက်များရှိပါက အသိပေးတင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြည်ပ နိုင်ငံများသို့ အလုပ်သမားများစေလွှတ်သည့်ရည်ရွယ်ချက်၊ စည်းကြပ်သည့်ဥပဒေနှင့်အေဂျင်စီများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် လျှောက်ထားလာမှုအပေါ် စိစစ်ထုတ်ပေးနေမှုနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေးတွင် ဆွေးနွေးမည့်အမှာစာအား ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက လုပ်ငန်းစဉ်များအလိုက် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်  ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံအမတ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *