ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်  ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ  ကာဇက်စတန်သမ္မတနိုင်ငံ   သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊  ဂုဏ်ပြုဆောင်ခန်းမသို့       ရောက်ရှိပြီး ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်အလံနှင့်     ကာဇက်စတန်သမ္မတနိုင်ငံအလံတို့အား အလေးပြုသည်။  ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးသည်   ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို တီးမှုတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.  Margulan  Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။

    ဆက်လက်၍ မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား အလှမ်းကွာဝေးသော်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာတိုးတက် ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့်  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန် ထမ်းဆောင်နေမှုအပေါ် ကာဇက်စတန်နိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှု၊ မကြာမီကာလအတွင်း ကာဇက်စတန်နိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့်  အခြေအနေနှင့် မြန်မာနိုင်ငံ  ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများကို လာရောက်လေ့လာနိုင်ရေးဖိတ်ကြားထားရှိမှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊  စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော် ထုတ်လုပ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊    ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ  မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကာဇက်စတန်နိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား  ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွား မည့်အခြေအနေ၊ ကာဇက်စတန်နိုင်ငံအနေဖြင့်   အလယ်အာရှဒေသတွင် တည်ရှိပြီး တရုတ်နိုင်ငံကိုဖြတ်သန်း၍ မြန်မာနိုင်ငံမှတစ်ဆင့် တောင်အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးကူးလူး ဆက်ဆံမှုများ    တိုးမြှင့်ဆောင်ရွက်သွားနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံများ၊   အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း    ဆက်ဆံရေးတိုးတက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ သံတမန်ဆက်ဆံမှုများ ယခုထက် ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍  ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ  သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့   နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ  သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။   

Leave a Reply

Your email address will not be published. Required fields are marked *