ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ  မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ  သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ဦးစွာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမသို့ရောက်ရှိပြီး     ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်အလံနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ အလံတို့အား အလေးပြုသည်။

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး   ဂုဏ်ပြုတပ်ဖွဲ့က  နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို    တီးမှုတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Ngu Anh Duc က ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား   သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာ နိုင်ငံတွင် လွတ်လပ်ပြီး   တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ    ဦးမင်းအောင်လှိုင် ဦးဆောင်သည့်အစိုးရအဖွဲ့က  နိုင်ငံတော်တာဝန် ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ် နိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှု၊ နှစ်နိုင်ငံအကြား   ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်  စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ   ယခုထက်   ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေ၊ ဗီယက်နမ်နိုင်ငံအနေဖြင့်     မြန်မာနိုင်ငံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊  ဗီယက်နမ်နိုင်ငံတွင် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီး အစည်းအဝေးနှင့် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေး တို့ကို ကျင်းပပြုလုပ်သွားမည့် အခြေအနေနှင့် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံအကြား ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများမှ တစ်ဆင့် ခရီးသွားကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊  မြန်မာနိုင်ငံနှင့်   ဗီယက်နမ်နိုင်ငံတို့အကြား   နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီး များ ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်ခဲ့မှုအခြေအနေ၊ နိုင်ငံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖြစ်   နှစ်နိုင်ငံလွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်နိုင်သည့် အခြေအနေနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

      တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတရုံး   ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့်  သံတမန်ရေးရာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးသက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးနှင့်   တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်    မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။     

Leave a Reply

Your email address will not be published. Required fields are marked *