လယ်ဝေးနှင့်ဒလမြို့နယ်တို့တွင် ငွေကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၀၀ ကီလိုကျော်ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်  သတင်းအရ ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန်  လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်းလိုက်ပါလာသည့် GOVZCT ၆ ဘီးယာဉ်ပေါ်မှ အိုက်စ်(မက်သ် အဖက်တမင်း) ၅၀၀ ကီလို (ကာလတန်ဖိုး ၁၂ ဒသမ ၅ ဘီလီယံ)ကျပ်အား ဖမ်းဆီးရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင်လ ၇ ရက်နေ့  ည ၇ နာရီခွဲအချိန် ဖမ်းဆီးရမိ အိုက်စ်  (မက်သ်အဖက်တမင်း) များ သယ်ဆောင်ရောင်းဝယ်ရာတွင်  ပူးပေါင်းပါဝင်သူများဖြစ်သည့်  ဇေယျာလင်းနှင့် ထွေးမင်းဇော်တို့ ၂ ဦးအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းဆုံတွင်လည်းကောင်း၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မျိုးသန်းအား  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၌ TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး   ၎င်းတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၁၁ နာရီခွဲအချိန် ဝေထွန်း ပိုင်ဆိုင်သည့် ဒလမြို့၊ မှောက်စက်ရပ်ကွက်၊ ရန်ကုန် မြစ်ကမ်းတွင် စိုက်ကပ်ထားသော မိဘမေတ္တာ(၁)စက်လှေပေါ်မှ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်၊ မြင့်ခိုင်တို့ ၁၀ ဦးအား  အိုက်စ်(မက်သ်အဖက်တမင်း) ၃၁၀ ကီလို (ကာလတန်းဖိုး ၇ ဒသမ ၇၅ ဘီလီယံ)ကျပ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ပင်လယ်ပြင်သို့သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဦးအား ကွမ်းခြံကုန်းမြို့နယ်၌လည်းကောင်း၊ ရာဇာဟိန်း(ခ)ရာဇာအား ဗိုလ်တထောင်မြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်သို့   တာဝန်ခံသယ်ဆောင်သူမှာ လားရှိုးမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ရန်ကြားရှော(ခ)ကုလား(ခ)ရန်ကုလား(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ရန်ကုန်မှ ပင်လယ်ပြင်သို့ တင်ပို့ရာတွင် အဓိကစီမံခန့်ခွဲသူမှာ မှော်ဘီမြို့နယ်၊ ညောင်ပင်သာရွာနေ  ဝေထွန်း(ဖမ်းဆီးရန်ကျန်)  ဝီလျံထွန်းကုမ္ပဏီ ပိုင်ရှင်ဖြစ်ပြီး ၎င်းနှင့်အတူ ပူးပေါင်းပါဝင်သော ဝီလျံထွန်းကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် ဒေါပုံမြို့၊ နွယ်အေးရပ်ကွက်နေ မြတ်သူ(ခ)မြတ်သစ်(ဖမ်းဆီးရန်ကျန်)၊ တာမွေမြို့နယ်နေ ရာဇာဟိန်း(ခ)ရာဇာ၊ မြောက်ဒဂုံမြို့နယ်နေ မျိုးသန်းတို့သည် ရန်ကုန်မှတစ်ဆင့် ပင်လယ်ပြင်သို့ သယ်ဆောင်ရောင်းဝယ်ခဲ့သူများဖြစ်သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့်   ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်  သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *