တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ 

Moe Zaw Oo

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ – ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံယာယီသံရုံးတာဝန်ခံထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သော (၃၈)ကြိမ်မြောက် မြန်မာ – ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့်  ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့်မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ်  ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားသည့်စိတ်၊ အိမ်နီးချင်းကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် ကူညီကယ်ဆယ်ရေးအဖွဲများနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ်ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့်သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့သည် လက်ဆောင်ပစ္စည်းများ အပြန် အလှန် ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *