အယ်လ်နီညို ရာသီဥတု အခြေအနေများသည် စတင်ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်းနှင့် ထိုအခြေအနေသည် ယခုနှစ်ကုန်တွင် ပိုမိုအားကောင်းလာကာ သမိုင်းတစ်လျှောက်အပြင်းထန်ဆုံးသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အဖြစ် ရောက်ရှိနိုင်ကြောင်း အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့် လေထုအာဏာပိုင်အဖွဲ့က ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့ရှိ ရေမျက်နှာပြင် အပူချိန်များ မြင့်တက်လာခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင်လေတိုက်မှုပုံစံ၊ မိုးရွာသွန်းမှုပုံစံတို့ပြောင်းလဲကာ အပြောင်းအလဲမြန်သောမိုးလေဝသ
အခြေအနေကိုဖြစ်ပေါ်စေခြင်းဖြစ်သည်။
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အပူချိန်များသည် ပြီးခဲ့သည့်လမှစ၍ ပျမ်းမျှအထက်ရောက်ရှိနေခြင်း ဖြစ်သည့်အတွက် အယ်လ်နီညိုရာသီဥတု အခြေအနေများ စတင်ဖြစ်ပေါ်နေပြီဟု ပြောရခြင်းဖြစ်ကြောင်း ပညာရှင်များကပြောသည်။ ထို့ပြင် အဆိုပါ
အခြေအနေကြောင့် လက်ရှိပူနွေးနေသော ကမ္ဘာကြီးသည် ပိုမိုပူပြင်း လာဖွယ်ရှိကြောင်းနှင့် မိုးလေဝသ အခြေအနေများသည်လည်း ပိုမိုဆိုးဝါး လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
