ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ သွားရောက်ကြည့်ရှုစစ်ဆေး၊လိုအပ်သည်များလမ်းညွှန်မှာကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။                                      

နေပြည်တော်-တောင်ငူမီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု

ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနား ဘူတာမှ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍ နေပြည်တော်-တောင်ငူမီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု၊ မီးရထားလမ်းပိုင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားရှိမှု၊စိုက်ပျိုး ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဘူတာအဝင်၊ အထွက်နေရာများစနစ်တကျရှိစေရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မီးရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အသုံးပြုခြင်းမရှိသည့် မီးရထားသံလမ်းများအား ပြန်လည်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားသွားလာရေးစနစ်တွင် လမ်းများသည် အဓိကကျသည့်အတွက်လမ်းများကောင်းမွန်အောင် အလေးထားဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို   လမ်းညွှန်မှာကြားသည်။

ယင်းနောက် တောင်ငူဘူတာသို့ ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

တောင်ငူမြို့ရှောင်ရထားလမ်းဖောက်လုပ်နေမှု

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တောင်ငူမြို့ရှောင်ရထားလမ်းနှင့် တောင်ငူဘူတာအသစ်ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် ရေထွက်ပေါက်များနှင့် ရထားလမ်းတာဘောင်များစနစ်တကျဖြင့် ခိုင်ခိုင်ခံခံ့ဖြစ်စေရေးဆောင်ရွက်ရန်၊ ဘူတာသစ်ဆောက်လုပ်ရာတွင်လည်း နောင်တစ်ချိန်တွင် ဖြစ်ပေါ်တိုးတက်လာနိုင်သည့်မီးရထားခရီးစဉ်များနှင့် ခရီးသွားဦးရေကို ကြိုတင်တွက်ဆ၍ တွက်ချက်တည်ဆောက်သွားရန်လိုပြီး မီးရထားစင်္ကြန်များနှင့် မီးရထားယာဒ်ဝန်းများကိုလည်း စနစ်တကျတည် ဆောက်သွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

တောင်ငူခရိုင်အားကစားကွင်းအဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်နေမှု

ဆက်လက်၍ တောင်ငူခရိုင် အားကစားကွင်းသို့ရောက်ရှိကြရာ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တောင်ငူအားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် သမ္မတက အားကစားကွင်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့တွင်နေထိုင်သည့်လူဦးရေ၊ လာရောက် ကြည့်ရှုမည့် ပွဲကြည့်သူဦးရေတို့အပေါ် မူတည်တွက်ချက်၍ ၎င်းနှင့်ကိုက်ညီမည့် အဆင့်မီသည့်ပွဲကြည့်စင်များဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် နောင်တွင် တိုးတက်ဖြစ်ပေါ်လာမည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီစွာဖြင့် တိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုတင်ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေးအခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် တောင်ငူမြို့အားကစားကွင်းနှင့်ပွဲကြည့်စင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ် သက်၍ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။

ကေတုမတီမြို့ဟောင်းနှင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေး

ထို့နောက် ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် မြို့ရိုး၊ ကျုံးနှင့်နန်းတော်ရာ  ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် တောင်ငူကေတုမတီနန်းမြို့တော်နှင့် နန်းတော်ရာဟောင်းဖော်ထုတ်ထိန်းသိမ်းခြင်းဆောင်ရွက်နေမှု၊ အနောက်ဘက်မြို့ရိုး   စင်တံခါးအနီး မြို့ရိုးဖော်ထုတ်ထိန်းသိမ်းခြင်းဆောင်ရွက်နေမှု၊ မြောက်ဘက်ကျုံးနေရာတွင် ကျုံးမြို့ရိုးနှင့် နွံကျုံးများတူးဖော်ထားရှိမှု၊ ရေကျုံးနံရံ ပြုပြင်ထိန်းသိမ်းခြင်းနှင့်ကျောက်စီထားရှိမှု၊ ကျုံးရိုးလျှောက်လမ်းများ လက်ရန်းတပ် ဆင်ခြင်း၊ ကွန်ကရစ်ဘလောက်တုံးခင်းခြင်း၊ မြေယာရှုခင်းလုပ်ဆောင်ခြင်းများဆောင်ရွက်ထားရှိမှုတို့ကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိတို့၏သမိုင်းကြောင်းအရအထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များ၊ နန်းမြို့ရိုးများနှင့်ကျုံးများသည် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များဖြစ် သည့်အတွက် တတ်စွမ်းသမျှ  ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန်လိုကြောင်း၊ နိုင်ငံတော်၏သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကို ဖော်ထုတ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံ၏တန်ဖိုးပင်ဖြစ်ကြောင်း၊ ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့်ကျုံးတို့သည် ဒဏ္ဍာရီမဟုတ်ဘဲ အမှန်တကယ်ရှိခဲ့သည့် သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့်အတွက် စနစ်တကျသုတေသနပြုလုပ်၍ ဖော်ထုတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီကာကွယ် ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ကျုံးကူးတံတားများနှင့် ဆက်စပ်လျက်ရှိသည့် လမ်းများ ပြန်လည်ဖော်ထုတ်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရှေးမူမပျက် မူလပုံစံများအတိုင်းဖြစ်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး  ကေတုမတီနန်းမြို့ရိုးတစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တောင်ငူမြို့နယ်၊ နှစ်ဆောင်မြိုင်ကျေးရွာအနီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက် အလွယ်တကူသုံးစွဲနိုင်သည့် တန်ဘိုးနည်းသဘာဝပိုးသတ်ဆေးနှင့် အာဟာရဖျော်ရည်များထည့်သွင်း ၍ မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှုသရုပ်ပြသခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတသည် လာရောက်လေ့လာကြသည့် တောင်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေးမြန်း အားပေးစကားပြောကြားပြီး မျိုးစပါးများရရှိရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး၊ သီးထပ်စွမ်းအားများ ကောင်းမွန်မှုရှိစေရေးတို့နှင့်ပတ်သက် ၍ ဆွေးနွေးအကြံပြုပြော ကြားသည်။

တောင်ငူခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြား

ထို့နောက် နိုင်ငံတော်သမ္မတသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား နယ်မြေခံလေတပ် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ မိုးစပါးစိုက်ပျိုးရေးဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ တော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည် ဆောင်ရွက်ပြီးစီးမှု၊  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ဧကကွက်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တောင်ငူခရိုင်အတွင်း နှစ်အလိုက် မိုးရွာသွန်းမှုအခြေအနေများ၊ စိုက်ပျိုးမြေများအား စနစ်တကျအသုံးချဆောင်ရွက်လျက်ရှိမှု၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်စေရေးစိုက်ပျိုးလျက်ရှိမှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိအောင်စိုက်ပျိုးဆောင်ရွက်နိုင်မှု၊ မိုးသီးနှံများစိုက်ပျိုးလျက်ရှိမှု၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ကြိုတင် ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ဒေသဝမ်းစာဖူလုံမှု၊ ရေဆင်းပေါ်ဆန်းစပါး စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိမှု၊ ဆီထွက်သီးနှံများ  ပိုမိုစိုက်ပျိုးနိုင်မှုနှင့် ဆီဖူလုံမှုများတိုးတက်လာမှု၊ ပဲစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာမှု၊ ရိုဘက်စတာကော်ဖီများစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ဟင်းသီးဟင်းရွက်များနှင့် တစ်အုပ်တစ်မစိုက်ခင်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ သဘာဝ မြေဩဇာများထုတ်လုပ်လျက်ရှိမှု၊ Drum Seeder များထုတ်ပေးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသကြက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဒေသအလိုက်အသားဖူလုံမှု၊ MSME လုပ်ငန်းများမှထွက်ရှိသည့်ထုတ်ကုန်များအား ပြည်ပသို့တင်ပို့နိုင်မှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်လူမှု စီးပွားဘဝတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း မိုးသီးနှံများစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ မိုးရာသီအတွင်း စပါးအမျိုး အစားများအလိုက် စိုက်ပျိုးလျက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်ထွန်းအောင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် သမ္မတက စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်ယန္တရားများအသုံးပြု၍ ဧကကွက်များဖော်ဆောင်၍  ဆောင်ရွက်မည်ဆိုပါက များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် တောင်သူများအား စည်းရုံးဆောင်ရွက် သွားရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးရာတွင် ကော်ဖီသည် တိုင်းပြည်အတွက် ထုတ်ကုန် အဖြစ် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့၊ မြို့သစ်ဖော်ဆောင်ရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ထားရှိမှု၊ မြို့သစ်စီမံကိန်းအတွင်း မီးရထားလမ်းအသစ် ဖောက်လုပ်ရေးဆောင်ရွက်ထားရှိမှု၊ အုပ်ချုပ်မှုဆိုင်ရာအစိုးရရုံးဌာနများ၊ ဆေးရုံများ၊စာသင်ကျောင်းများ၊ ဝန်ဆောင်မှု ဆိုင်ရာနေရာများ၊ အပန်းဖြေ ရန်နေရာများ၊ စိမ်းလန်းနေရာများ ထည့်သွင်းဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

ယင်းနောက် နိုင်ငံတော်သမ္မတက တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် တောင်ငူခရိုင်ကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်နှင့် ဆက်စပ်၍ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ တောင်ငူဒေသကို ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ခြင်းအားဖြင့် ဒေသနှင့် ဆက်စပ်လျက်ရှိသည့် အခြားဒေသများမှ သူများသည်လည်း မိမိတို့ဒေသအတွက်ကြိုးစားလိုစိတ်များဖြစ်ပေါ်လာမည်ဖြစ် ကြောင်း၊ တောင်ငူဒေသတွင်နေထိုင်သူများအနေဖြင့် မိမိတို့ဒေသအား ဖွံ့ဖြိုးတိုးတက် မှုရှိစေရေး မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို စဉ်းစားဆောင်ရွက်သွားနိုင်ရန်ဖြစ် ကြောင်း၊ တောင်ငူဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင် ရွက်နေကြခြင်းဖြစ်သော်လည်း ရေရှည်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ဒေသအလိုက် ဒေသတွင်းစားရေး ဖူလုံမှုအပြင် ပြင်ပသို့ရောင်းချနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့်စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

တောင်ငူဒေသတွင် ဆန်ဖူလုံမှုရှိပြီးဖြစ်သည့်အတွက် ဆန်ထုတ်လုပ်ခြင်းမှရရှိလာသည့် ဖွဲ၊ စကွဲများကို အသုံးပြု၍ တိရိစ္ဆာန်အစာများထုတ်လုပ်ခြင်း၊ ဖွဲနုဆီထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ကြောင်း၊ ဒေသ၏အခြေခံအရင်းအမြစ် ကောင်းများကိုအသုံးချ၍ ရေကြီးရေနက်ကွင်းများ၌လည်း ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ငါးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ကြက်၊ ဘဲ၊ ဆိတ်၊ ဝက်၊ နွားတို့ကို တိုးချဲ့မွေးမြူခြင်းအားဖြင့်လည်း ဒေသတွင်းမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ခြင်းအားဖြင့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်း များ၊ ဟင်းသီးဟင်းရွက်များ၊ အခြေခံစားကုန်ပစ္စည်းများကို ဒေသတွင်းနေထိုင်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာစားသုံးနိုင်မည်ဖြစ်ကြောင်း၊ထို့ကြောင့် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်လာအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်လူသားအရင်းအမြစ်ကောင်းများလိုအပ်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်း အချက်အလက်များအပေါ်တွင်မူတည်၍ စီမံကိန်းများ၊ စီမံချက်များရေးဆွဲဆောင်ရွက်ရသည်ဖြစ်သဖြင့် ဒေသအလိုက်မှလည်း အခြေခံအချက်အလက်များကို  မှန်မှန် ကန်ကန်ပြုစုတင်ပြကြရန်လိုကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၌ မြေကိုအကျိုးရှိရှိအသုံးပြုသွားရန်လိုပြီး မိမိတို့ဒေသအလိုက် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို ထိထိရောက် ရောက်နှင့် မှန်မှန်ကန်ကန်အသုံးချသွားကြ ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်မည်ဆိုပါကလည်း စိုက်ဧက တိုးချဲ့ခြင်းထက်ရှိပြီးဖြစ်သည့် စိုက်ဧကများတွင် ပန်းတိုင်အထွက်နှုန်းများရရှိစေရေး၊ သီးထပ်စွမ်းအားပြည့်မီမှုရှိစေရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေနှင့် အောင်ရေများပြည့်ပြည့်ဝဝရရှိရေးအတွက်လည်း ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်များ၊ ချောင်းများကို စနစ်တကျထိန်းသိမ်းရန် လိုအပ်ချက်များရှိခဲ့သဖြင့် ယခုအခါမြစ်ချောင်းများ တိမ်ကောခြင်း၊ နှုန်းပို့ချမှုများပြားလာခြင်းများ၊ ရေအရင်းအမြစ် လျော့နည်းလာခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြစ်ချောင်းများရေစီးဆင်းမှုပြန်လည်ကောင်းမွန်ရေး ပြန်လည်ထိန်းသိမ်း သွားရန်လိုကြောင်း၊ သို့ဖြစ်၍ မိမိတို့ တာဝန်ယူထားရသည့် ကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ကိစ္စရပ်မှန်သမျှကို ဒေသအတွက်၊ နိုင်ငံ့အတွက် ရေရှည်အကျိုးကို မျှော်တွေး၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။

ထို့ပြင် အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တစ်ရပ်ကို ပုံဖော်တည်ဆောက်ရာ၌ ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ တည် ဆောက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပညာတတ်လူသားအရင်းအမြစ်များ လျော့နည်းလာခြင်းသည်  နိုင်ငံ့အနာဂတ်အတွက် မည်ကဲ့သို့မျှ  ကောင်းမွန်မှုမရှိသည်ကို သတိပြုကြရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဒေသအလိုက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအလေး ထားတိုက်တွန်းအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးကောင်းမွန် မှုရှိမှသာလျင် ကလေးငယ်များ၏အနာဂတ်ဘဝလမ်းကို ကောင်းမွန်စွာဖြတ်သန်းနိုင်မည်ဖြစ်သည်ကို အသိပညာပေးဟောပြောခြင်းများဖြင့် စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ 

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရန်နှင့်အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်ရန်လိုကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အလုပ်လုပ် နိုင်မှသာလျင် ဝင်ငွေရရှိနိုင်မည်ဖြစ်ကာ လူတစ်ဦးချင်းစီအလိုက်မှစ၍ ဒေသအလိုက်၊ ခရိုင်အလိုက် စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ၎င်းမှတဆင့် နိုင်ငံ့စီးပွားသည် လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်လုပ်ကိုင် နိုင်စေရေးအတွက် လက်ရှိနိုင်ငံတကာ၌ဖြစ်ပေါ်ကြုံတွေ့ရလျက်ရှိသည့် စက်သုံးဆီ အခက်အခဲများအပါအဝင် အခြားအခြေခံလိုအပ်ချက်များကိုလည်း တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍  အလုပ်လုပ်ကိုင်နိုင်ရေးဖြည့်ဆည်းပေးမှုများကို အကျိုးရှိရှိနှင့် စနစ်တကျအသုံးချနိုင်ရန်လိုကြောင်း၊ အမှန်တကယ် လိုအပ်သည်မှာ အလုပ်လုပ်ကြရန်နှင့် မိမိအတွက်၊ ဒေသ အတွက်၊ နိုင်ငံတော်အတွက် အလုပ် လုပ်ကိုင်လိုစိတ်များရှိကြရန်ပင်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အခက်အခဲ၊ အကြပ်အတည်းမှန်သမျှကိုလည်း ဖြေရှင်းနိုင်ရေး စဉ်ဆက်မပြတ်လေ့လာ သွားကြရန်လိုကြောင်း။

မိမိအနေဖြင့် တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူး ဖွံ့ဖြိုးရေးဒေသများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊  ထိုဒေသများမှတဆင့် အခြားမြို့များကိုလည်း ဆင့်ကဲအထူးဖွံ့ဖြိုးတိုးတက်သောဒေသများအဖြစ် ဖြစ်ပေါ်လာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့အနေဖြင့်  စံနမူနာပြ အထူးဖွံ့ဖြိုးရေးဒေသများအဖြစ် ဖြစ်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊  နိုင်ငံတော်၏ အထက်ပိုင်း၊ အောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း စသည့်ဒေသများသို့လက်လှမ်းမီချိတ်ဆက်နိုင်သည့် အလယ်ဗဟိုချက်နှင့် မြေလတ်ဒေသများလည်းဖြစ်သည့်အတွက်လည်း အောင်မြင်နိုင်မည့် ရေခံမြေခံနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲမှုလက်လှမ်းမီရာဒေသများအလိုက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေးစနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းရွက်နေရသည့်ကာလအတွင်း  မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး၊  နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးကိုဖော်ဆောင်ပေးနိုင်သည့် အစိုးရ တစ်ရပ်ဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကေတုမတီမြို့သစ်၊ ကျွန်းကုန်းကျေးရွာရှိ  ရွှေဝါကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ   လုပ်ငန်းရှင် ဦးရဲဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကြက်ခြံအတွင်း ဥစားကြက်များမွေးမြူထားရှိမှု၊ ဒေသတွင်းမှထွက်ရှိသည့်ကုန်ကြမ်းများကိုအခြေခံ၍ ကြက်စာအဖြစ် ထုတ်လုပ် ကျွေးမွေး၍မွေးမြူလျက်ရှိမှု၊ ကြက်ခြံတွင်အသုံးပြုလျက်ရှိသည့် Evaporated cooling system (အအေးပေးစနစ်)အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားများအား နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိမှုနှင့် ဈေးကွက်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကာနိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Evaporated cooling system (အအေးပေးစနစ်)ဖြင့် ဥစားကြက်များမွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကျွန်းကုန်းဘူတာမှ RBE အထူးရထားဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *