ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့က ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)နှင့်တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ညစာစားပွဲကျင်းပမည့်နေရာသို့ရောက်ရှိလာရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတနှင့် နိုင်ငံတော်သမ္မတတို့သည် နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတနှင့်ဇနီး၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့် အတူဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ဂုဏ်ပြုညစာသုံးဆောင်နေစဉ်အတွင်း ဗီယက်နမ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များက နှစ်နိုင်ငံတေးသီချင်းများ၊ အကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတနှင့်ဇနီးတို့သည် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ညစာစားပွဲအခမ်းအနားမှပြန်လည်ထွက်ခွာရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတနှင့် ဇနီးတို့က ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
