မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ဆွေးနွေး
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Verma တို့သည် ယနေ့(ဇွန် ၂ ရက်) ညပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
Maharashtra Lok Bhavan Mumbai (Governor’s House)သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အား မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး က ကြိုဆို နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး တို့သည် တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ သမိုင်းကြောင်းတစ်လျှောက် ကောင်းမွန်သည့် ဆက်ဆံရေးများရှိခဲ့မှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံပြည်သူများ အချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများ ရှိမှု အခြေအနေများ၊ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာဖြင့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့မှုအပေါ် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့် ကျေးဇူးတင်ရှိမှု အခြေaအနေများနှင့် အခြားနှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့် အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးတို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ် ရေးမှူးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်မည့်နေရာသို့ ရောက်ရှိရာ ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတ အား မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတ က ကိုယ်စားလှယ်အဖွဲ့ဝင်များအား ပြန်လည်မိတ်ဆက်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး က ဂုဏ်ပြု ည်စာစားပွဲအား တည်ခင်းဧည့်ခံသည်။
ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့်သုံးဆောင်နေစဉ် အတွင်း မဟာရာရှ်ထရာပြည်နယ် ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ တေးသီးချင်းများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။
ဂုဏ်ပြုညစာ သုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတသည် Maharashtra Lok Bhavan Mumbai (Governor’s House) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မဟာရာရှ်ထရာပြည်နယ် ဂုဏ်ပြုတီးဝိုင်းအဖွဲ့၏ ဖျော်ဖြေတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော် သမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
