နေပြည်တော်၌ ခေတ္တရောက်ရှိသီတင်းသုံးနေတော်မူစဥ် ပါမောက္ခချုပ်ဆရာတော်ကြီးမှ ရေးသားချီးမြှင့်ပေးတော်မူခဲ့သည့် “စိတ်စွမ်းအားကို မြှင့်တင်ပါ”ဩဝါဒ အဆုံးအမအား နာယူကြည်ညိုနိုင်ကြစေရန် ထပ်ဆင့်ဖော်ပြပေးလိုက်ရပါသည်။
“စိတ်စွမ်းအားကို မြှင့်တင်ပါ”
- လူတိုင်းမှာ စွမ်းအားနှစ်မျိုးရှိသည်၊ ကာယစွမ်းအားနှင့် စိတ္တစွမ်းအားတို့ဖြစ်သည်။
- လူအများစုသည် ကာယစွမ်းအား၌သာ အလေးဂရုပြုမြှင့်တင်ဖို့ကြိုးစားကြပြီး စိတ္တစွမ်းအားကိုမြှင့်တင်ရန် မေ့လျော့နေကြ၏။ အနည်းငယ်သော ပုဂ္ဂိုလ်အချို့သာ စိတ္တစွမ်းအား၌ (Power of mind) အလေးဂရုပြုကာမြှင့်တင်ကြ၏။
- ကာယစွမ်းအား(Power of physical body)သည် လက်ရှိဘ၀အတွက်သာ အကျိုးရှိနိုင်၏။ စိတ္တစွမ်းအား (Power of mind)ကမူ ဘ၀ပေါင်းများစွာအတွက် အကျိုးရှိရုံမကထာ၀ရ အငြိမ်းဓာတ်ကိုတွေ့ရှိစေနိုင်၏။
- ထို့ကြောင့် ဘ၀ရရှိထားသူတိုင်း ကာယစွမ်းအား လိုအပ်သလို စိတ္တစွမ်းအားမြှင့်တင်ရန်အရေးကြီးလှပေသည်။
- စိတ္တစွမ်းအားသည် ငါးမျိုးရှိ၏။
(၁) ယုံကြည်မှု စွမ်းအား
(၂) ရဲရင့်မှု လုံ့လ စွမ်းအား
(၃) စိတ်စိုက်မှု စွမ်းအား
(၄) စိတ်တည်ငြိမ်မှု စွမ်းအား
(၅)ဆင်ခြင်သုံးသပ်မှု စွမ်းအား
တို့သည် စိတ္တစွမ်းအားများဖြစ်ကြသည်။
ဤ စိတ္တစွမ်းအား ငါးမျိုးကိုအသုံးပြု၍ ထာ၀ရအငြိမ်းဓာတ်ကိုရယူနိုင်သည်။ - ကိုယ်ကျင့်သီလကောင်းမွန်ရေးအတွက် ယုံကြည်မှု စွမ်းအားကိုအသုံးပြုရမည်။ အဆိုးတရားကိုဖယ်ရှား၍ အကောင်းတရားကိုရယူရေးအတွက် ရဲရင့်မှုလုံ့လစွမ်း အားကိုအသုံးပြုရမည်။
အသိပညာရရှိရေးအတွက် စိတ်စိုက်မှု(သတိ)စွမ်းအားကို အသုံးပြုရမည်။
အာရုံတစ်မျိုးတည်းကို ရှုမှတ်နိုင်ရေးအတွက် စိတ်တည်ငြိမ်မှုစွမ်းအားကို အသုံးပြုရမည်။
သစ္စာတရားကို သိမြင်ရေးအတွက် ဆင်ခြင်သုံးသပ်မှု (ပညာ)စွမ်းအားကို အသုံးပြုရမည်။ - ရရှိထားသောဘ၀၌ အောင်မြင်မှုနှင့် ကောင်းကျိုးချမ်းသာရလိုသူတိုင်း စိတ်စွမ်းအားကိုမြှင့်တင်နိုင်ဖို့ ကြိုးစားကြပါကုန်။
