အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး ငါးလမ်းကို အဆင့်မြှင့်တင်ဖွင့်လှစ်

အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး ငါးလမ်းကို အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်း စသည့်လမ်း (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ​မေ ၁၆ နံနက်ပိုင်းတွင် သိင်္ဂီလမ်း၌ကျင်းပရာ  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦးနှင့် ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

လမ်းဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လမ်းအဆင့်မြှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့​ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိက လမ်းမကြီး (၅) လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက် လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့​ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် သိင်္ဂီလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား နှုတ်ဆက်ကာ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိကလမ်းမကြီး (၅) လမ်းအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်၊

အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆင့်မြှင့်တင်ဖွင့်လှစ်လိုက်သည့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး (၈) နှင့် (၁၀) ရှိ အဓိကလမ်းမကြီးများဖြစ်ကြသည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယုဇနလမ်းတို့သည် ပဒေသာမြို့သစ် စတင်အကောင်အထည် ဖော်စဉ်ကတည်းကပင်တည်ရှိခဲ့ခြင်းဖြစ်ပြီး မူလလမ်းအကျယ် (၂) လမ်းသွားဖြစ်သော်လည်း ကား (၂) စီး တိမ်းရှောင်ရန်လုံလောက်သည့် အခြေအနေတွင်မရှိသောကြောင့် လမ်း (၅) လမ်း၏ စုစုပေါင်းအရှည် (၃၂၈၁၃) ပေအား အကျယ် (၂၄) ပေအထိ လမ်းအဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့်  မြို့တွင်းလမ်းများအား အဆင့်မြှင်တင်ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နိုင်လွန်ကတ္တရာလမ်းပေါင်း (၁၆) လမ်း၊ မိုင်အရှည်အားဖြင့် ၁၂ မိုင် ၄ ဖာလုံကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *