ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဆုများဖြစ်သည့် တစ်နှစ် တာအကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုနှင့် တစ်နှစ်တာအကောင်း ဆုံးလူငယ်ကစားသမားဆုတို့အတွက်ဆန်ခါတင် စာရင်းများကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရသည့် အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့မှ ကစား သမားငါးဦးအထိပါဝင်လာကာ အာဆင်နယ်အသင်းမှ ဒီကလန်ရိုဒ်၊ ဂါဘရီရယ်၊ ဂိုးသမား ရိုင်ယာ၊ မန်စီးတီး အသင်းမှ ဆီမီညိုနှင့် ဟာလန်း၊ မန်ယူအသင်းမှ ဖာနန်ဒက်၊ နော်တင်ဟမ်အသင်းမှ မော်ဂန်ဂစ်ဝှိုက် နှင့် ဘရန့်ဖို့ဒ်အသင်းမှ အီဂေါသီယာဂိုတို့ပါဝင်လာကြပြီး အဆိုပါဆုအတွက် မန်ယူအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည့် ကွင်းလယ်ကစားသမား ဖာနန်ဒက်က ထိပ်ဆုံးမှရေပန်းစား လျက်ရှိသည်။
အလားတူ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်နည်းပြစာရင်းတွင် မန်ယူအသင်းကို လေးလခန့်သာ တာဝန်ယူကိုင်တွယ်ပြီး ရလဒ် ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြကာရစ်နှင့်အတူ အာဆင်နယ်အသင်း နည်းပြ အာတီတာ၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၊
ဘရန့်ဖို့ဒ်အသင်းနည်းပြ အန်ဒရူး၊ ဘုန်းမောက်အသင်းနည်းပြ အီရာလိုအာနှင့် ဆန်းဒါးလန်းအသင်း နည်းပြလီဘရစ်တို့ပါဝင်လာသည်။
တစ်နှစ်တာအကောင်းဆုံးလူငယ် ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် မန်စီးတီးအသင်းမှ ချက်ကီ၊ အိုရီလီ၊ ဝက်စ်ဟမ်းအသင်းမှ ဖာနန်ဒက်၊ နယူးကာဆယ်အသင်းမှ လီဝှစ်ဟော၊ ဘရန့်ဖို့ဒ်အသင်းမှ ကာယိုဒီ၊ ဘုန်းမောက်အသင်းမှ ကာရူပီနှင့် အဲလက်စကော့၊ မန်ယူအသင်းမှ ကိုဘီမိုင်နူးတို့ပါဝင်နေပြီး အဆိုပါဆုကို မန်စီးတီးအသင်းနှင့် အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည့် လူငယ်ကစားသမား ချက်ကီက ထိပ်ဆုံးမှရေပန်းစားလျက် ရှိကြောင်း သိရသည်။
